ဓာတ်ပုံ – LR (ပုံဟောင်း)

လွေးပို့လဘား၊ မိုင်းရူပ၊ ဒီဇင်ဘာ ၂ ရက်

ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအပေါ် လူထုအများစုက စိတ်မဝင်စားတာကြောင့် စစ်ကောင်စီရဲ့ ရဲနဲ့ ထွေအုပ်တို့ ပေါင်းပြီး နေအိမ်အထိ မဲစာရင်းလာပြနေရတယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဒီဇင်ဘာ ၁ ရက်ကစပြီး စစ်ကောင်စီရဲ့ ရဲ၊ ထွေအုပ်နဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန (လဝက) တို့ ပူးပေါင်းပြီး လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်တိုင်းမှာ အိမ်ထောင်စုနဲ့ မဲစာရင်းတိုက်ကာ ရွေးကောက်ပွဲကျင်းပချိန် တခြားဒေသ ရောက်နေသူတွေ ပြန်ရောက်နိုင်ခြင်း ရှိမရှိကိုလည်း မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

“ကိုယ်အိမ်ထောင်စု မိတ္တူယူပြီး မဲစာရင်းနဲ့ တိုက်။ မဲထည့်ချိန် ပြန်ရောက်နိုင်မရောက်နိုင် မေးပြီးစာရင်းမှတ်တာပဲ တွေ့ပါတယ်။ ဒီနေ့လည်း စစ်နေတုန်းပဲ။ ရပ်ကွက်ရုံးနဲ့ နီးတဲ့အိမ်ကျတော့ ရပ်ကွက်ရုံးမှာ မဲစာရင်းနဲ့ အိမ်ထောင်စုသွားတိုက်ရတယ်” လို့ လားရှိုးမြို့ခံ အမျိုးသာတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒုတိယအကြိမ် မဲစာရင်းကပ်မယ့်ရက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်ကနေ လာမယ့် ဒီဇင်ဘာ ၄ ရက်အထိ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားပြီး လားရှိုးမြို့မှာတော့ မဲစာရင်း သွားရောက်ကြည့်သူနည်းတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ဒါ့အပြင် မူဆယ်မြို့က ရပ်ကွက်တချို့မှာလည်း ဒေသခံတွေနဲ့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ လူဦးရေစာရင်း အတိအကျပေးဖို့ စစ်ကောင်စီက ဖိအားပေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

နိုဝင်ဘာ ၃၀ ရက်မှာလည်း မူဆယ်မြို့ ဟိုနားရပ်ကွက်နဲ့ တခြားရပ်ကွက်တွေမှာ ရဲတပ်ဖွဲ့တွေက လူဦးရေစာရင်းအတိအကျတွေ ကောက်ယူသွားခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“သူတို့လာကောက်တဲ့အချိန် ဖုန်းလိုင်း‌တွေလည်း အကုန်ပိတ်ထားတယ်။ မှတ်ပုံတင်နဲ့ အိမ်ထောင်စုတွေ လာကောက်သွားကြတယ်။ ရပ်ကွက်တိုင်းမှာ ကောက်ကြပြီ။ ကျွန်မတို့နေတဲ့ ရပ်ကွက်မှာ‌တော့ သူတို့မဲမပေးရင် စာအုပ်နီ (BP) လုပ်မပေးတော့ဘူးပြောတယ်။ သူတို့ကောက်သွားတဲ့ စာရင်းတွေလည်း လူအစားထိုးလာထည့်လို့ မရဘူး။ ကိုယ်တိုင်လာထည့် ရမယ်”

မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ဘက်မှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးအပတ်တုန်းက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်၊ နယ်မြေမှူးနဲ့ လဝကအဖွဲ့တို့က ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း အတိအကျကို ကောက်ယူသွားတယ်လို့ နောက်ထပ်အမျိုးသားတစ်ဦးက ပြောပါတယ်။

“မဲစာရင်းထည့်မဲ့သူတွေ အတည်ပြုဖို့ စာရင်းလာကောက်ကြတယ်။ အိမ်မှာ လူဘယ်နှစ်ယောက်ရှိလဲဆိုပြီး မေးသွားတယ်။ အိမ်မှာ လူ ၄ယောက်ရှိရင်လည်း အကုန်ထည့်ရမယ်။ အိမ်ထဲမှာ ခရီးထွက်တဲ့သူရှိရင်လည်း အဲနေ့ကျရင် ဖြစ်နိုင်ရင် လာထည့်ခိုင်းဖို့ ပြောတယ်။ ပြီးခဲ့တဲ့လက မဲပေးစနစ်ကိုလည်း သူတို့ခေါ်ပြသေးတယ်။ ခလုတ်ဘယ်လိုနှိပ်ရမလဲဆိုပြီး နမူနာခေါ်ပြတယ် ရပ်ကွက်အလိုက်ခေါ်တာပဲ”

ရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့ မဲဆန္ဒရှင်စာရင်းတွေကို မူဆယ်မြို့ရှိ ဓမ္မာရုံနဲ့ ရပ်ကွက်ရုံးတွေမှာ ကပ်ထားတယ်လို့ ဆိုပါတယ်။

မူဆယ်နဲ့ လားရှိုးမြို့တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေကတော့ စစ်ကောင်စီရဲ့ ကြံ့ခိုင်ရေးနဲ ဖွံဖြိုးရေးပါတီ USDP၊ ပြည်သူ့ရှေ့ဆောင်ပါတီ PPP၊ ကျားဖြူပါတီ SNDP တို့ ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်မှာ ဖြစ်ပါတယ်။

လားရှိုးမြို့ထဲမှာတော့ ရွေးကောက်ပွဲ အောင်နိုင်ရေးဆိုင်းဘုတ်တွေ တင်ထားတာတွေ့ရပေမယ့် မဲဆွယ်စည်းရုံးရေးလုပ်ဆောင်တာ မတွေ့ရသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

လားရှိုးမြို့အပါအဝင် ရှမ်းမြောက် နောင်ချိုနဲ့ မူဆယ်မြို့တွေကို ရွေးကောက်ပွဲ ပထမအပိုင်းကျင်းပမယ့် နယ်မြေထဲ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်က ထည့်သွင်းထားပါတယ်။

ရွေးကောက်ပွဲပထမအပိုင်းကို လာမယ့် ဒီဇင်ဘာ ၂၈ရက်မှာ စစ်ကောင်စီက စတင်ကျင်းပမှာဖြစ်ပြီး ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းနဲ့ ကျင်းပသွားမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။