ရဲမာန်၊ ဒီဇင်ဘာ ၂ ရက်၊ ပခုက္ကူ
မကွေးတိုင်း မြိုင်၊ ပေါက်၊ ပခုက္ကူနဲ့ ဆိပ်ဖြူ စတဲ့မြို့နယ်တွေမှာ စစ်ရေးအရှိန်မြှင့်ဖို့ ပခုက္ကူမှာ အခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့ (Local PDF) ၂ ဖွဲ့က အညာမြေတပ်ပေါင်းစုတို့နဲ့ ပူးပေါင်းလိုက်ကြောင်း ဒီနေ့ ဒီဇင်ဘာ ၂ ရက်မှာ ထုတ်ပြန်လာပါတယ်။
၂၀၂၄ ခုနှစ် ဇွန်လပိုင်း ၁၉ ရက်မှာ ဖွဲ့စည်းလိုက်တဲ့ အညာမြေတပ်ပေါင်းစုဖြစ်တဲ့ (M.U.G.D.F)၊ ဇာမဏီပြောက်ကြားတပ်ဖွဲ့၊ JAMESBOND၊ TSDNGF၊ ဒို့ညီနောင်ပြောက်ကြားတပ်ဖွဲ့ ၅ ဖွဲ့တို့နဲ့ ပခုက္ကူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ GOD OF MYAING နဲ့ EAGLE FIGHTER တပ်ဖွဲ့တို့က ပူးပေါင်းလိုက်တာ ဖြစ်ပါတယ်။
“အခုလို ပေါင်းစပ်ရတဲ့ အဓိကအကြောင်းရင်းကတော့ ပိုမိုထိရောက်တဲ့ မစ်ရှင်တွေ ဖော်ဆောင်ရန်။ ရန်သူကို ညီညွတ်စွာတုန့်ပြန်နိုင်ရန်။ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား ပိုပြီးညီညွတ်စေရန်။ သဘောထားကွဲလွဲမှုများ ပျောက်ကင်းစေရန် ဖြစ်တယ်” လို့ အညာမြေတပ်ပေါင်းစုရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ရွှေဖီမြေကို ပြောပါတယ်။
အဲဒီကြေညာချက်ထဲမှာ ကြေညာလိုက်တဲ့ နေ့ကစပြီး အာဏာရှင်ကျဆုံးသည် အထိ အတည်ဖြစ်ပြီး စစ်ရေးအရှိန်တွေ အရင်ထက် ပိုမိုမြှင့်တင်ဆောင်ရွက်သွားမှာနဲ့ ရဲဘော်နဲ့ တပ်ဖွဲ့ဝင်တွေရဲ့ စောင့်သိရသော သစ္စာအဓိဌာန်တွေအပါအဝင် အချက် ၆ ချက်နဲ့ ကြေညာလာတာ ဖြစ်ပါတယ်။
အညာမြေတပ်ပေါင်းစုအဖွဲ့မှာ စစ်ရေးတာဝန်ခံအဖြစ် ကိုဘုတ်ကြီး၊ မြေပြင်တာဝန်ခံအဖြစ် ကိုဘဦး၊ Drone Team တာဝန်ခံအဖြစ် ဆရာကျောင်းနဲ့ ကိုအီးဂဲလ်၊ ဘဏ္ဍာရေးတာဝန်ခံအဖြစ် ကိုသစ္စာ၊ လက်နက်ခဲယမ်းထိန်းသိမ်းရေး တာဝန်ခံအဖြစ် ကိုမင်းသူနဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံအဖြစ် ကိုဘိုဘိုသန့်ဇင်တို့က အသီးသီး တာဝန်ယူထားကြောင်းလည်း ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။