မိုင်းရူပ၊ ဒီဇင်ဘာ ၂ ရက်၊ ကွတ်ခိုင်
တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့က အချုပ်ခန်းကနေ ထွက်ပြေးသွားတဲ့ အကျဥ်းသားတွေထဲက ၆ ဦးကို ပြန်ဖမ်းမိခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်မှာ ကွတ်ခိုင်မြို့ အချုပ်ခန်းကနေ အကျဥ်းသား ၂၀ ဦးက ထောင်ဖောက်ထွက်ပြေးခဲ့တာဖြစ်ပြီး တအာင်းတပ်ရဲ့ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရာ အကျဥ်းသား ၆ ဦးကို ပြန်ဖမ်းမိခဲ့တယ်လို့ ကွတ်ခိုင်မြို့က ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ထွက်ပြေးသွားတဲ့ ၂၀ အခု ပြန်ဖမ်းမိတာ ၆ ယောက်ပေါ့။ ထွက်ပြေးသွားတဲ့သူတွေထဲမှာ မုဒိမ်းမှု၊ ခိုးမှု၊ မူးယစ်ဆေးဝါးအမှုတွေပါတယ်” လို့ ဆိုပါတယ်။
ထွက်ပြေးလွတ်မြောက်နေတဲ့ အကျဥ်းသားတွေကို တအာင်းတပ်ရဲတပ်ဖွဲ့က လိုက်လံရှာဖွေ ဖမ်းဆီးနေတာဖြစ်ပြီး တချို့ဟာ တခြားဒေသထဲကို ထွက်ပြေးသွားတာကြောင့် ပြန်လည်ဖမ်းဆီးဖို့ ခက်ခဲနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
ထွက်ပြေးလွတ်မြောက်နေသူတွေထဲမှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှုနဲ့ ဖမ်းဆီးခံရတဲ့ ကွတ်ခိုင်မြို့ပေါ်က ဆေခန်းပိုင်ရှင် ဆရာဝန်လည်း ပါဝင်တယ်လို့ သိရပါတယ်။
ကွတ်ခိုင်မြို့ဟာ တအာင်းတပ်မတော် PSLF/TNLA က အုပ်ချုပ်နေတာဖြစ်ပြီး မြို့ထဲမှာ ကိုးကန့်တပ်မတော် MNDAA ကလည်း တပ်စွဲထားတာဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။