ယာရူစိင်၊ ဒီဇင်ဘာ ၂ ရက်၊ ဝက်လက်
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် နတ်မှော်ဦးကျေးရွာမှာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဒေသခံ ၅ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Information Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်။
နတ်မှော်ဦးရွာကို စစ်ကောင်စီတပ်က မနေ့ည ၁၂ နာရီကျော်မှာ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“သေဆုံးတာက သားအဖ ၃ ယောက်ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲမှာလည်း ကလေးငယ် ၂ ဦး ပါဝင်တယ်။ ၁ ဦးတော့ အခြေအနေကောင်းပါတယ်။ မျက်လုံးထိသွားတဲ့ ကလေး ၁ ဦးတော့ စိုးရိမ်ရပါတယ်” လို့ ကိုမုန်တိုင်းက ပြောပါတယ်။
အသက် ၂၅ နှစ်အရွယ် ကိုရှိုင်းကို၊ ၎င်းရဲ့ ဇနီးဖြစ်သူ အသက် ၂၄နှစ်အရွယ် မစုမြတ်လင်းနဲ့ သမီးဖြစ်သူ အသက် ၂ နှစ် အရွယ် ရွှေပုံစံအပါအဝင် အသက် ၂၁ အရွယ် မောင်မာင်ဝင်းနဲ့
အသက် ၄၀ အရွယ် ရန်နိုင်ဝင်းတို့ သေဆုံးခဲ့တာဖြစ်ပြီး နေအိမ် ၅ လုံးခန့်လည်း ထိမှန်ပျက်စီးသွားတယ်လို့ ကိုမုန်တိုင်းက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဝက်လက်မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို လေကြောင်းအပါအဝင် စစ်ကြောင်းထိုးတာတွေ ထိုးစစ်ဆင် တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက် ညနေ ၅ နာရီဝန်းကျင်မှာလည်း ဝက်လက်မြို့နယ် ထုံးဘို၊ တံတားဦး၊ တမာကုန်းနဲ့ ရွာတော်ကုန်းကျေးရွာရှိ နေအိမ်တွေကို စစ်တပ်က မီးရှိုးဖျက်ဆီးခဲ့တာတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။