ရဲမာန်၊ ဒီဇင်ဘာ ၁ ရက်၊ ပင်လောင်း
ရှမ်းတောင် ပင်လောင်းမြို့နယ်ထဲက စစ်ရှောင်စခန်းတွေမှာ အအေးဒဏ်တွေကြောင့် သက်ကြီးရွယ်အို ၆ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပင်လောင်းမြို့နယ်ထဲမှာ စစ်ရှောင်စခန်း ၁၀ ကျော်ရှိတဲ့အထဲက ဝါလီ၊ ဘောရန်၊ ပင်ခွန်စစ်ရှောင်စခန်း ၃ ခုထဲက သက်ကြီးရွယ်အိုတွေ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
“အဲ ၆ ဦးဟာ နိုဝင်ဘာလအတွင်းမှာဘဲ သေတာ။ ပင်လောင်းက စစ်ရှောင်တွေက မိုးကာနဲ့ဘဲ နေရတော့ အခုချိန်ဆို နှင်းတွေ အရမ်းကျတော့ မိုးကာပေါ်မှာ ရေခဲသေတ္တာ အုပ်ထားသလို ဖြစ်တယ်။ မိုးကာထဲမှာနေတဲ့ အဖိုးအဖွားတွေက အဲအအေးဒဏ်ကို မခံနိုင်ဘူး။ စောင်တွေကတော့ ရှိတယ်။ လုံလောက်မှုမရှိဘူး ဖြစ်နေတယ်။ သူတို့က ချက်ခြင်းမသေဘူး။ လေဖြန်းသွားတာ။ လေဖြတ်သွားတာ။ လမ်းလျှောက်လို့ မရတော့တာ။ အဲတာတွေ အရင်ဖြစ်ပြီးတော့ တစ်ရက်နှစ်ရက်နေပြီးတော့မှ သေတာ”
ပင်လောင်းမြို့နယ်အစပ်မှာ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေရဲ့ စစ်ကြောင်းထိုးလာမှုကြောင့် ၎င်းနဲ့ တော်လှန်ရေးတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွား နေတဲ့အပြင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေလည်း ရှိနေတာကြောင့် ဒေသခံတွေက နေရပ်မပြန်လာရဲကြသေးဘူးလို့ ဆိုပါတယ်။
ပင်လောင်းမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းကလည်း အခုလို အအေးဒဏ်တွေကြောင့်ပဲ သေဆုံးသူ ၂၀ ဦးအထိ ရှိခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။