ရဲမာန်၊ ဒီဇင်ဘာ ၁ ရက်၊ မြင်းခြံ
မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ အိမ်စီးကားနဲ့ ကင်းပတ်နေတဲ့ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်တဲ့ သီတာယုမွန်တို့ အဖွဲ့သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ကားပေါ်လိုက်ပါသူအားလုံး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သူတို့အဖွဲ့တွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက် မနက် ၁၁ နာရီဝန်းကျင် ညောင်ဦး-မြင်းခြံ လမ်းပိုင်းတစ်နေရာမှာ အကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မှိုင်းက ရွှေဖီမြေကို ပြောပါတယ်။
“ကားပေါ်ပါသမျှ အကုန်သေတယ်။ အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၁ ယောက်။ ကားကိုတော့ ဒီတိုင်းထားခဲ့တာ။ ပစ်ခတ်မှုဖြစ်ပွားပြီး ၂ နာရီလောက်အကြာမှ အလောင်းတွေ လာကောက်ရင်း ရမ်းသမ်းပစ်ခတ်သွားတယ်”
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ G4 သေနတ် တစ်လက်၊ ကာဘိုင် နှစ်လက်နဲ့ ကျည်တို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ၎င်းတို့ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
“ပြည်သူတွေ မကြည်ဖြူဘူးဆိုရင် စစ်ကော်မရှင်တပ်သားတွေအနေနဲ့ ဘယ်နေရာမှာပဲ နေနေ လုံခြုံမှ မရှိဘူးဆိုတာ သိစေချင်ပါတယ်” ဆိုပြီးလည်း ၎င်းက ဆက်ပြောပါတယ်။
တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့(ပကဖ)က ရဲဘော်ဒီးနဲ့ ရဲဘော်ဓာတ်ဗူး ဦးဆောင်တဲ့ ရဲဘော် (၁၀) ယောက်တို့က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။