တရုတ်ရဲ့ ကြားဝင်မှုကြောင့် မိုးကုတ်နဲ့ မိုးမိတ်မြို့ကို တအာင်းတပ်မတော်- PSLF/TNLA က စစ်ကောင်စီကို ပြန်လည် လွှဲပြောင်းပေးတာဟာ တအာင်းတပ်နဲ့ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီက အဆက်ဖြတ်လိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ရေး၊ နိုင်ငံရေး ဖိအားကြားမှာ တအာင်းတပ်က တရုတ်အလိုကျ လိုက်လျောပေးခဲ့ပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့ကို စစ်ကောင်စီထံ ပြန်လွှဲပေးကာ စစ်ကောင်စီနဲ့ အပစ်ရပ်ဖို့ သဘောတူခဲ့တာလို့ သုံးသပ်ရပါတယ်။
ဒီအပစ်ရပ်မှုမှာ စစ်ကောင်စီနဲ့ တအာင်းတပ်အကြား သဘောတူညီချက် အသေးစိတ်ကို မသိရပေမဲ့ စစ်ကောင်စီ ပြုတ်ကျမှာကို မလိုလားတဲ့ တရုတ်ဘက်က အပစ်ရပ်ဖို့ ကြားဝင်ပေးခဲ့တာဖြစ်လို့ နွေဦးတော်လှန်ရေးတပ်တွေကို ကူညီထောက်ပံ့မှုတွေ ရပ်တန့်ဖို့ဆိုတဲ့ အရေးကြီးတဲ့ အချက်အဖြစ် ပါနိုင်ပါတယ်။
တအာင်းတပ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးတပ်တွေကို စစ်သင်တန်း ပေးတာ၊ လက်နက် တပ်ဆင်ပေးတာတွေ ပြုလုပ်ပေးခဲ့ပါတယ်။
ဒါ့အပြင် PDF တွေကို စစ်ရေးအတွေ့အကြုံရအောင် အတူတကွ တိုက်ပွဲဝင်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲတွေအထိ တအာင်းတပ်က PDF တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။
အထင်ရှားဆုံးပြောရင် ရှမ်းမြောက်နဲ့ အန္တလေးတိုင်းအစပ်က သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာ မြို့သိမ်းတိုက်ပွဲတွေဟာ TNLA နဲ့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်ရေးတပ်တွေရဲ့ စစ်ရေးအောင်မြင်မှုတွေ ဖြစ်ပါတယ်။
မန္တလေး PDF၊ ဓနုတပ်- DPLA နဲ့ မိုးကုတ်ဗျုဟာ စတဲ့နွေဦးတော်လှန်ရေးတပ်တွေကို TNLA က စစ်သင်တန်းပေးပြီး လက်နက် တပ်ဆင်ပေးကာ အတူတိုက်ပွဲဝင်တဲ့တပ်တွေအဖြစ် လူသိများပါတယ်။
မိုးကုတ်နဲ့ မိုးမိတ် လက်လွှဲလိုက်တဲ့အပေါ် PDF တပ်တွေ ဘာပြောလဲ
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်ကစပြီး တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီတပ်နဲ့ TNLA တို့ အပစ်ရပ်ဖို့ သဘောတူခဲ့ပြီး တအာင်းတပ်က မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးဖို့ သဘောတူခဲ့ပါတယ်။
ဒါကြောင့် မြို့အလွှဲအပြောင်းအတွက် မိုးကုတ်နဲ့ မိုးမိတ်အခြေစိုက် တော်လှန်ရေးတပ်တွေကို ခေါ်ယူတွေ့ဆုံပြီး မြို့တွင်းကနေ ဆုတ်ခွာဖို့ အသိပေးတာတွေ တအာင်းတပ်ဘက်က ပြုလုပ်ခဲ့ပါတယ်။
နိုဝင်ဘာ ၂၇ ရက်စကပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့ပေါ်မှာ PDF တပ်တွေ မရှိတော့ဘဲ မြို့တွင်းကနေ ဆုတ်ခွာသွားကြောင်း မိုးကုတ်မြို့တွင်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
“PDF တွေ အကုန်ဆုတ်ပြီ။ မြို့ထဲမှာ ဘယ်အဖွဲ့မှ မရှိတော့ဘူး”
တအာင်းတပ်ရဲ့ အပစ်ရပ်မှုအပေါ် တော်လှန်ရေးတပ်တွေဘက်က အမြင်အမျိုးမျိုး ရှိကြပြီး ဝေဖန်ကြတဲ့ တော်လှန်ရေးတပ်တွေရှိသလို တအာင်းတပ် ရင်ဆိုင်နေရတဲ့ အခက်အခဲကို စာနာနားလည်ကြောင်းပြောတဲ့ တော်လှန်ရေးတပ်တွေလည်း ရှိပါတယ်။
“TNLA က ကျနော်တို့တပ်ဖြစ်အောင် ကူညီဆောင်ရွက်ပေးခဲ့တာပါ။ TNLA မရှိရင် ကျနော်တို့တပ် ဖြစ်လာစရာကြောင်း မရှိဘူး” ဆိုပြီး မိုးကုတ်တိုက်ပွဲမှာ TNLA နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
နောက်ထပ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ “မြို့ပြန်ပေးတာ လူထုရော၊ PDF ရော မကျေနပ်ဘူး” လို့ ဆိုပါတယ်။
မြို့အလွှဲအပြောင်း ပြုလုပ်နေတဲ့ကာလအတွင်း PDF တပ်တွေအနေနဲ့ ကျည် မဖောက်ဖို့ TNLA ဘက်က ခေါ်ယူတွေ့ဆုံပြီး ပြောဆိုခဲ့အကြောင်း တော်လှန်ရေးတပ်တွေက ပြောပါတယ်။
TNLA ရင်ဆိုင်နေရတဲ့ တရုတ်ဖိအား
တရုတ်-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေဟာ သူတို့ဒေသမှာရှိတဲ့ လူထုတွေ ရပ်တည်ရေးအတွက်အပြင် တပ်ဖွဲ့ ရပ်တည်ရေးအတွက်ပါ တရုတ်နိုင်ငံအပေါ် မှီခိုနေရပါတယ်။
ဒါကြောင့် တရုတ်နိုင်ငံကို လွန်ဆန်ဖို့ ခက်ခဲနေပြီး တရုတ်အလိုကျ လိုက်လျောပေးရတာတွေ ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖြစ်တဲ့ “ဝ”တပ်ဖွဲ့- UWSA ဟာ တရုတ်ရဲ့ ဖိအားကြောင့် ၎င်းရဲ့မဟာမိတ်တပ်တွေဖြစ်တဲ့ TNLA၊ MNDAA၊ SSPP တပ်တွေကို စစ်ရေးအကူအညီ မပေးတော့ကြောင်း ထုတ်ပြောခဲ့ရတဲ့အထိ တရုတ်ရဲ့ ဖိအားက ပြင်းထန်ခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ်လထဲ UWSA ကို တရုတ်က ခေါ်ယူတွေ့ဆုံတဲ့ ပူအယ်မြို့ အစည်းအဝေးရဲ့ မှတ်တမ်းဟာ စစ်ကောင်စီ ပြုတ်ကျမှာကို တရုတ်ဘက်က မလိုလားဘူးဆိုတာ ပိုမြင်သာစေခဲ့ပါတယ်။
ရှမ်းမြောက်အခြေစိုက် ကိုးကန့်တပ်- MNDAA ကလည်း တရုတ်ဖိအား ရှိနေချိန် အမျိုးသား ညီညွတ်ရေးအစိုးရ- NUG နဲ့ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ၎င်းတို့ ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကိုပါ စစ်ကောင်စီတပ်ထံ ပြန်လည် လွှဲပြောင်းပေးခဲ့ရပါတယ်။
မိုးကုတ်နဲ့မိုးမိတ်ကို စစ်ကောင်စီထံ ပြန်လွှဲပေးပြီး အပစ်ရပ်ဖို့ သဘောတူညီခဲ့တာဟာ တရုတ်ရဲ့ ပြင်းထန်တဲ့ ဖိအားကို တအာင်းတပ်ဘက်က ရင်ဆိုင်နေရတဲ့အခြေအနေလို့ သုံးသပ်ရပါတယ်။
တစ်ဖက်မှာလည်း တအာင်းတပ်ဖွဲ့ဝင် စစ်ပန်းတာ၊ လက်နက်ခဲယမ်း အကန့်အသတ် ရှိနေတာကြောင့်လည်း စစ်ကောင်စီနဲ့ အပစ်ရပ်ဖို့ သဘောတူခဲ့ရတဲ့အချက်တွေ ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် တအာင်းတပ်ဟာ ရှမ်းမြောက်မှာ ၎င်းရဲ့မဟာမိတ်တပ်တွေဖြစ်တဲ့ ရှမ်းတပ်- SSPP နဲ့ ကချင်တပ်- KIA တို့အကြား နယ်မြေပြဿနာတွေကြောင့်လည်း ပါဝင်ပါတယ်။
နောက်တစ်ချက်ကတော့ PDF တပ်တွေကို ဦးဆောင်နေတဲ့ NUG ဟာ စစ်ကောင်စီကို ပြိုလဲစေနိုင်တဲ့ စစ်ရေး၊ နိုင်ငံရေး ဖိအားတွေကို လက်တွေ့အကောင်အထည် မဖော်နိုင်တာကြောင့်ပါ။
PDF တပ်တွေကို TNLA လက်တွဲ ဖြုတ်မှာလား
တရုတ်နိုင်ငံဟာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ PDF တပ်တွေကို ဦးဆောင်နေတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ကို အနောက်နိုင်ငံနဲ့ ယိမ်းတဲ့အဖွဲ့အဖြစ် သတ်မှတ်ထားပြီး ထိတွေ့ဆက်ဆံမှု မလုပ်ခဲ့ပါဘူး။
ဒါ့ကြောင့် ရှမ်းမြောက်ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အပြင် PDF တွေကို စစ်ရေးအကူအညီ ထောက်ပံ့တာတွေ မလုပ်ဖို့ တရုတ်ဘက် သတိပေးတာတွေ မကြာခဏ ပြုလုပ်ခဲ့ပါတယ်။
လက်ရှိမှာ တအာင်းတပ်ဟာ တရုတ်ရဲ့ကြားဝင်မှုကို လက်ခံပြီး စစ်ကောင်စီနဲ့ အပစ်ရပ်လိုက်တာကြောင့် PDF တပ်တွေနဲ့ လက်တွဲတာကို ခေတ္တရပ်ဆိုင်ရမယ့်အခြေအနေလို့ သုံးသပ်ရပါကြောင်း…။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။