ရွှေဖီမြေ၊ နိုဝင်ဘာ ၃၀ ရက်၊ ကွတ်ခိုင်
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ပြန်ပေးဆွဲမှုအတွင်း တအာင်းတပ်ရဲ့ ကွတ်ခိုင်ရဲတပ်ဖွဲ့တချို့ ပါဝင်ပတ်သက်နေကြောင်း ကျူးလွန်ခံရသူတွေက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်မှာ ကိုမျိုးဝင်းခေါ် ကိုကျောက်ခဲနဲ့ ကိုမျိုးမင်းထွန်းခေါ် ဘီလားဆိုသူနှစ်ဦးဟာ ကွတ်ခိုင်မြို့ဘက် ရောက်ရှိနေစဉ် ကွတ်ခိုင်မြို့ရှိ မိုင်းအနိုင်ခေါ် ကိုနိုင်ဆိုသူအဖွဲ့ရဲ့ ဖမ်းဆီးတာ ခံခဲ့ရပြီး ၎င်းရဲ့နေအိမ်မှာ ရိုက်နှက်ခံရကာ ငွေ ၇၄ သိန်း တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
ငွေ ၇၄ သိန်း ရပြီးနောက် နောက်တစ်နေ့ နိုဝင်ဘာ ၁၈ ရက်မှာ ငွေသိန်း ၅၀၀ ထပ်မံ ပေးခိုင်းခဲ့ပြီး သိန်း ၂၀ ကျော်ကို K-Pay နဲ့ ပေးချေခဲ့ပေမဲ့ ၎င်းတို့ ၂ ဦးကို နေအိမ်ရဲ့တိုင်မှာ ချည်ခဲ့ပြီး ရိုက်နှက်နှိပ်စက်တာတွေ ထပ်မံ ပြုလုပ်ခဲ့တယ်လို့ ကျူးလွန်ခံရသူ ကိုမျိုးဝင်းက ပြောပါတယ်။
နိုဝင်ဘာ ၁၈ ရက်မှာတော့ ၎င်းတို့ ၂ ဦးကို ကွတ်ခိုင်မြို့ရဲစခန်းရှိ ရုံးအုပ်နဲ့ တပ်သား ၂ ဦးက ကိုနိုင်ဆိုသူရဲ့ နေအိမ်ကနေ ရဲစခန်းဘက် လာရောက် ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၃ ရက် ညနေ ၇ နာရီခွဲဝန်းကျင်မှာတော့ ကိုမျိုးဝင်းနဲ့ ကိုမျိုးမင်းထွန်းဆိုသူကို ကွတ်ခိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲ့နေအိမ်ဘက် ခေါ်ဆောင်လာပြီး သိန်း ၂၀၀ ပေးဖို့ ရဲမှူးဆိုသူက တောင်းခဲ့တယ်လို့ ကျူးလွန်ခံရသူက ဆက်ပြောပါတယ်။
PSLF/TNLA ရဲ့ ကွတ်ခိုင်မြို့နယ်ရဲမှူးနဲ့ မိုင်းအနိုင်က ပေါင်းကာ ငွေညှစ်နေတာဖြစ်ပြီး မိုင်းအနိုင်ဆိုသူဟာ ကွတ်ခိုင်မြို့မှာ လက်နက် အရောင်းအဝယ် ပြုလုပ်နေသူဖြစ်တယ်လို့ ကိုမျိုးဝင်းက စွပ်စွဲပြောဆိုပါတယ်။
လက်ရှိမှာ တရားခံဖြစ်တဲ့ မိုင်းအနိုင်ဆိုသူကို ဖမ်းဆီးပေးဖို့ အမှုဖွင့်ထားပေမဲ့ တအာင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားတာ မရှိဘဲ ငွေမချေနိုင်တာကြောင့် ကွတ်ခိုင်မြို့ရဲစခန်းမှာ ၎င်းတို့ ၂ ဦးကိုသာ အချုပ်ချထားတယ်လို့ ကိုမျိုးဝင်းက ပြောပါတယ်။
“ကွတ်ခိုင်အချုပ်ခန်းက အစာငတ်ခံ ဆန္ဒပြမယ်ဆိုပြီးတော့ အခု ဖုန်းပြောရတာဗျ။ ကျနော်တို့က ကွတ်ခိုင်မြို့ ဂိုဏ်းစတားခေါင်းဆောင် မိုင်းအနိုင်ရဲ့ ပြန်ပေးဆွဲတာကို ခံခဲ့ရတာ။ ကွတ်ခိုင်မြို့ ရဲတပ်ဖွဲ့မှူးနဲ့ ပေါင်းစားနေတာ။ အခု တရားခံဖြစ်တဲ့ ဂိုဏ်းစတားအဖွဲ့ကိုတော့ မဖမ်းဘူး။ ကျနော်တို့ ၂ ယောက်ကိုကျတော့ ကွတ်ခိုင်အချုပ်ခန်းမှာ ထည့်ထားတယ်။ နိုဝင်ဘာ ၂၈ ရက်မှာ ကျနော်တို့ အမှုဖွင့်တာကို မဖွင့်ပေးဘူးဗျ။ တရားခံ ဖမ်းမိဖို့နဲ့ အမှုမှန် ပေါ်ပေါက်ရေးအတွက် ကျနော်တို့ လိုချင်တယ်ဗျ”
ကွတ်ခိုင်မြို့နယ် ရဲမှူးကတော့ ၎င်းဟာ မိုင်းအနိုင်ဆိုသူနဲ့ ပြန်ပေးဆွဲမှုမှာ ပူးပေါင်းတာ မရှိဘဲ ၎င်းတို့အကြား အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ကိုမျိုးဝင်းနဲ့ ကိုမျိုးမင်းထွန်းတို့ ၂ ဦးဟာ ကိုးကန့်တပ်မတော်- MNDAA နဲ့ တအာင်းတပ်ထံ ဖောက်ခွဲရေးပစ္စည်းအတု လိမ်လည်ရောင်းခဲ့တဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။
“ကိုးကန့်ဆီ ဖောက်ခွဲရေးပစ္စည်းအတု လိမ်ရောင်းတာ။ ကိုးကန့်တပ်ကသိတော့ သူတို့နှစ်ယောက်က ငွေ ပြန်ပေးစရာ မရှိဘူး။ မိုင်းအနိုင်က အဲငွေ သိန်း ၅၀ စိုက်ပေးထားတာ။ အဲကြောင့် မိုင်းအနိုင်က သူတို့ ၂ ယောက်ကို ငွေပေးဖို့ ပြန်ဖမ်းတာ။ သူတို့နှစ်ယောက် ပြောတာတော့ ပြန်ပေးဆွဲခံရတာပေါ့။ နောက်တော့ ကွတ်ခိုင်ရဲတပ်ဖွဲ့က သူတို့ကြား အဆင်ပြေအောင် သူတို့ ၂ ယောက်ကို သွားခေါ်လာတာ။ အခု အချုပ်ခန်းမှာ ထည့်ထားတယ်။ ကျနော်နဲ့ မိုင်းအနိုင်က အဲကိစ္စမှာ ပေါင်းပြီး ကြံစည်တာ မရှိဘူး” လို့ ကွတ်ခိုင်မြို့နယ် တအာင်းတပ်ရဲ့ ရဲတပ်ဖွဲ့မှူးက ရွှေဖီမြေကို ပြောပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ကိုမျိုးဝင်းကတော့ မိုင်းအနိုင် တောင်းတဲ့ ငွေ ၇၄ သိန်းကို ပေးခဲ့ပေမဲ့ နောက်ထပ် သိန်း ၅၀၀ တောင်းခံတာအပြင် ကွတ်ခိုင်ရဲမှူးကလည်း ငွေသိန်း ၂၀၀ ပေးခိုင်းနေကြောင်း ပြောပါတယ်။
မိုင်းအနိုင်ဆိုသူဟာ PSLF/TNLA ရဲ့ တပ်ဖွဲ့ဝင် မဟုတ်ဘဲ သာမန်အရပ်သားသာဖြစ်ပြီး ကွတ်ခိုင်မြို့ရဲ့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ ဖြစ်တယ်လို့ ကိုမျိုးဝင်းက ပြောပါတယ်။
ကိုမျိုးဝင်းနဲ့ ကိုမျိုးမင်းထွန်းဆိုသူနှစ်ဦးကတော့ PDF တပ်ဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး- PLF ရဲ့ တပ်ဖွဲ့ဝင်ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
တအာင်းတပ်အနေနဲ့ အမှုမှန် ပေါ်ပေါက်ရေးအတွက် အထူးစုံစမ်းရေးကော်မတီ ဖွဲ့စည်းပြီး အရေးယူပေးဖို့ ကျူးလွန်ခံသူတွေက တောင်းဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။