ရွှေဖီမြေ၊ နိုဝင်ဘာ ၂၉ ရက်၊ တန့်ဆည်
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် မူးတိမ်ပျူရွာကို တော်လှန်ရေးတပ်တို့က ၄ နာရီကြာ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိခဲ့တယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
မနေ့ နိုဝင်ဘာလ ၂၈ ရက် မနက် ၄ နာရီကနေ မနက် ၈ နာရီထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ထံကနေ လက်နက် ၅ လက်နဲ့ စစ်အသုံးအဆောင်တချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က တံတားဦးတက် A5 ဂျက်ဖိုက်တာ တစ်စီးနဲ့ နှစ်ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ဟုမ္မလင်းတက် Y12 နဲ့ ဗုံးသီး ၈၀ လုံးခန့် ၁၂ ကြိမ် လေကြောင်းပစ်ကူပေးခဲ့ပါတယ်။
ကန့်ဘလူ ၆၀၀၆ မှ ထွက်လာတဲ့ စစ်ကြောင်းကလည်း ဟောင်ဝှစ်ဇာ လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲကို ဗျူဟာ ၅၂ ပေါ်ဦးစစ်ကြောင်း၊ တန့်ဆည်မြို့နယ် ပကဖ၊ ရွှေဘိုခရိုင် အမှတ် ၂၅ တပ်ရင်း၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA၊ ဓူဝံ ရေဦးမြို့နယ်အဖွဲ့၊ ဝံသပါလ ရေဦးမြို့နယ်အဖွဲ့၊ Drone force Taze တို့က ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။