မိုင်းဖိူမ်းဆငဲ၊ ယာရူစိင်၊ နိုဝင်ဘာ ၂၈ ရက်
စစ်ကောင်စီတပ်ရဲ့ ထိန်းချုပ်မှုအောက် ပြန်ရောက်နေတဲ့ ရှမ်းမြောက်က နောင်ချို၊ ကျောက်မဲနဲ့ သီပေါ စတဲ့မြို့နယ်တွေမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး စစ်ကောင်စီတပ်က ဒေသခံတွေကို ဖမ်းဆီးထိန်းသိမ်းတာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာ ဥက္ကဌနဲ့ မြက်ချင်းနုကျေးရွာက အတွင်းရေးမှူးကိုလည်း လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျောက်ကြမ်းကျေးရွာ ဥက္ကဌကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နဲ့ မြက်ချင်းနုကျေးရွာ အတွင်းရေးမှူးကို နိုဝင်ဘာ ၂၄ ရက်မှာ ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“အဓိက TNLA အုပ်ချုပ်တုန်းက အတွင်းရေးမှူးနဲ့ ဥက္ကဌလုပ်တဲ့သူတွေပေါ့။ အဲဒါနဲ့ ဆက်စပ်ပြီးတော့မှ ဖမ်းတယ်လို့ ပြောတာပဲ တချို့က” ဆိုပြီး ၎င်းက ပြောပါတယ်။
နောင်ချိုမြို့ကို စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ပြီးချိန်ကစပြီး တအာင်းတပ် TNLA၊ ဓနုတပ် DPLA နဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံတွေနဲ့ ကျေးရွာတာဝန်ရှိသူတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဒေသခံတချို့ကို စစ်ကောင်စီတပ်က ပြန်လွှတ်ပေးတာရှိသလို ဆက်လက်ထိန်းသိမ်းခံထားရသူတွေလည်း ရှိတယ်လို့ နောက်ထပ် အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်တစ်ဦးက ဆိုပေမဲ့ ဆက်လက်ထိန်းသိမ်းခံထားရသူတွေရဲ့ စာရင်းအတိအကျကိုတော့ ရွှေဖီမြေက သေချာမသိရသေးပါဘူး။
ဒါ့အပြင် စစ်ကောင်စီတပ် ပြန်ထိန်းချုပ်နေတဲ့ သီပေါမြို့မှာလည်း တအာင်းတပ် TNLA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇာတ်စုနဲ့ မြို့လယ်ရပ်ကွက်က ဒေသခံ အမျိုးသား ၂ ဦး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“နှစ်ယောက်လုံးက ပလောင်တွေပဲ။ နောက်တယောက်က ဒီနယ်က မဟုတ်ဘူး။ ဇာတိက မူဆယ်ဘက်ကတော့ သိထားတယ်။ တချို့ပလောင်လူမျိုးတွေဆို ကိုယ့်အိမ်ကိုတောင် ပြန်မလာရဲကြသေးဘူး။ တော်လှန်ရေးတွေနဲ့ စပ်ဆက်မှုမရှိလည်း စစ်တပ်က လိုက်ဖမ်းနေတာဆိုတော့လေ”
အသက် ၄၇ နှစ်နဲ့ ၂၆ နှစ်အရွယ် အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်မှာ ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ် သီပေါမြို့ခံတစ်ဦးကလည်း “အိမ်ချိတ်ပိတ်တာတော့ ဒီတလော သိပ်မတွေ့ဘူး။ မြို့ကို စထိန်းချုပ်တဲ့တုန်းက တခါတည်း နေအိမ်နဲ့ ဆိုင်ခန်း ၁၀၀ ကျော်လောက်ကို ချိတ်ပိတ်ခဲ့တာလေ” လို့ ပြောပါတယ်။
TNLA ရဲ့ အမှတ်တံဆိပ်၊ အလံ၊ ပြက္ခဒိန်၊ တအာင်းထီလက်မှတ်၊ ဓာတ်ပုံ စတဲ့ပစ္စည်းတွေကို တွေ့ရှိရင်လည်း TNLA နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးစစ်ဆေးနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် TNLA ထံ စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ ကျောက်မဲမြို့မှာလည်း တော်လှန်ရေးတပ်တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ဒေသခံတွေကို ဆက်တိုက်ဖမ်းဆီးလာနေတာ ရှိပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။