မိုင်းရူပ၊ နိုဝင်ဘာ ၂၇ ရက်၊ ဝက်လက်
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး တိုက်ခိုက်နေပြီး ကျေးရွာ ၁၀ ရွာထက်မနည်းက နေအိမ်တွေလည်း မီးရှို့နေတယ်လို့ မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တချို့က ရွှေဖီမြေကို ပြောပါတယ်။
အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်ကစပြီး ဝက်လက်မြို့နယ် စိုင်းနိုင်ကွေ့ကျေးရွာဘက်ကနေ ထိုးစစ်ဆင် တိုက်ခိုက်လာတာဖြစ်ပြီး ဒီနေ့ နိုဝင်ဘာလ ၂၇ ရက်မှာတော့ စိုင်းနိုင်လေးရွာမှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
“စိုင်နိုင်ကွေ့ဘက်က ထွက်လာတဲ့ ခွေးကြောင်းကို တော်လှန်ရေးအဖွဲ့တွေ တိုက်နေတုန်း။ ဝက်လက်နယ်မြောက်ခြမ်း စိုင်နိုင်လေးရွာမှာ ရှိနေတယ်ဗျ။ မီးရှို့ခံရတဲ့ ရွာပေါင်း ၁၀ ရွာကျော် ရှိတယ်ဗျ” လို့ ဝက်လက်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် အနီးအနားရှိ ကျေးရွာခံတွေက ဘေးလွှတ်ရာ နေရာတွေနဲ့ တောတောင်တွေထဲမှာ တဲထိုးပြီး နေထိုင်နေရတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဝက်လက်မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းထဲက တော်လှန်တပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို ထိုးစစ်ဆင် တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်မှာလည်း ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့မှ ပုဏ္ဏားကျေးရွာဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃၅ ဦး သေဆုံးခဲ့တယ်လို့ ဒီတိုက်ခိုက်မှာ ပါဝင်တဲ့ People’s Servant Revolution – wetlet အဖွဲ့က ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။