မိုင်းဖိူမ်းဆငဲ၊ နိုဝင်ဘာ ၂၇ ရက်၊ ကွတ်ခိုင်
တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့မှာ ပန်းခြံဈေးစောင့်တဲ့ ကိုးကန့် MNDAA တပ်သားတွေ ဖမ်းဆီးရိုက်နှက်လို့ သေဆုံးခဲ့ရတဲ့ မိဘမဲ့ ကလေးငယ်အတွက် လာရောက်ကူညီပေးတာ မရှိဘူးလို့ ၎င်းနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကွတ်ခိုင်မြို့နယ် လွယ်အွန်ကျေးရွာက အသက် ၁၄ နှစ်အရွယ် မိုင်းအိုက်တုံကို ကိုးကန့်တပ်က ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်မှာ ဖမ်းဆီးသွားပြီး ၅ ရက်အကြာ အောက်တိုဘာ ၁၀ ရက်မှာပဲ မိုင်းအိုက်တုံ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
“MNDAA သတ်သွားတဲ့ ကလေးက မိဘမရှိဘူး။ အဖိုး အဖွားတို့နဲ့ နေနေတာ။ နောက်လ ၃ ရက်နေ့ဆို သူ့နာရေး လုပ်တော့မှာ။ ရက်လည်း နီးနေပြီ။ နားရေးအတွက် ငွေကြေး ခက်ခဲနေတယ်။ သက်ဆိုင်တဲ့ အဖွဲ့အစည်းကလည်း ဘာမှလုပ်ပေးတာ မရှိဘူး” လို့ ၎င်းနီးစပ်သူက ပြောပါတယ်။
အဆိုပါသေဆုံးမှုနဲ့ ပတ်သက်ပြီး MNDAA ရဲ့ တာဝန်ရှိသူတွေက လက်ရှိအချိန်ထိ လာရောက်ဖြေရှင်းပေးခြင်း မရှိသေးဘူးလို့လည်း ဆိုပါတယ်။
မကြာခင်မှာ ပြုလုပ်မယ့် မိုင်းအိုက်တုံရဲ့ နားရေးအတွက် ငွေအကြေးအကူအညီ လိုအပ်နေတယ်လို့လည်း မိုင်းအိုက်တုံနဲ့ နီးစပ်သူတွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။