မိုင်းရူပ၊ နိုဝင်ဘာ ၂၇ ရက်၊ စဥ့်ကူး
မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ဝါရုံကုန်းရွာကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၅ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ နိုဝင်ဘာလ ၂၇ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှာ ဝါရုံကုန်းရွာဘုန်းကြီးကျောင်းထဲကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒီနေ့ မနက်ပိုင်းအထိ ရရှိထားတဲ့စာရင်းအရ သေဆုံးသူ အမျိုးသမီး ၅ ဦးနဲ့ ဒဏ်ရာရသူ ၇ ဦးထက်မနည်းရှိပြီး သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
“ဝါရုံကုန်းရွာ ဘုန်းကြီးကျောင်းထဲကို လာကြဲတာ။ အဲမှာပွဲရှိတော့ အသေအပျောက်များတယ်။ ပွဲချင်းပြီး ၅ယောက် သေတယ်။ သေဆုံးတဲ့သူ ထပ်တိုးနိုင်တယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ မတ္တရာမြို့နယ်ကနေ စဥ့်ကူးမြို့နယ်ဘက်ကို ထိုးစစ်ဆင်နေပြီး လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား စဥ့်ကူးနဲ့ မတ္တရာမြို့နယ်အစပ်မှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ နောက်ထပ်သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
“အခု စကစ က စဥ့်ကူးနယ်ထဲ သရော်ပင်ရွာဘက်ကို ရောက်နေတာ။ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေတယ်။ စစ်ရေးအခြေအနေကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာဘဲ ရှိတယ်ဗျ”
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စဥ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေသလို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေပါ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ မတ္တရာမြို့နယ်အပါ အဝင် သပိတ်ကျင်းမြို့ကိုပါ ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး စဥ့်ကူးမြို့နယ်ထဲကို ထိုးစစ်ဆင်လာဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။