မိုင်းဖိူမ်းဆငဲ၊ နိုဝင်ဘာ ၂၆ ရက်၊ ဟိုပန်
“ဝ” တပ်မတော် – UWSA နဲ့ ကိုးကန့်တပ်မတော် – MNDAA တို့ရဲ့ ထိန်းချုပ်ဒေသကို ဆက်သွယ်ထားတဲ့ ဟိုပန်ဖောင်ဆိပ်တံတားကို ပြန်လည်ပြင်ဆင်ဖို့ဆိုပြီး နှစ်ဖက်တာဝန်ရှိသူတွေက ဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ပင်ထားတယ်လို့ သိရပါတယ်။
အဲဒီ ဟိုပန်ဖောင်ဆိပ်တံတားဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ တစ်ကြိမ် ပျက်စီးခဲ့ဖူးပြီး ပြန်လည်ပြုပြင်ရာမှာ ခိုင်ခံ့မှု မရှိသေးတာကြောင့် လာမယ့် နိုင်ဝင်ဘာ ၂၈ ရက်မှာ နောက်တစ်ကြိမ် ထပ်မံပြုပြင်သွားမယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ “ဝ” လူငယ်အသံက ဖော်ပြထားပါတယ်။
ကိုးကန့်နဲ့ “ဝ” ဒေသကို ဆက်သွယ်ထားတဲ့ အဓိက တံတားနှစ်ခုရှိပြီး တစ်ခုက နမ့်တစ် – ချင်းရွှေဟော်ကို ဆက်သွယ်ထားတဲ့ နမ့်တစ်ညီနောင်တံတား ဖြစ်ပါတယ်။
အဲဒီ နမ့်တစ်-ချင်းရွှေဟော် တံတားဟာ UWSA က MNDAA၊ TNLA၊ SSPP တပ်ဖွဲ့တို့ကို လက်နက်မထောက်ပံ့တော့ကြောင်း ခေါ်တွေ့ဆွေးနွေးပြီးတဲ့နောက် မကြာခင်မှာပဲ ရုတ်တရက် ကျိုးကျသွားခဲ့ပါတယ်။
အခု “ဝ” ဒေသနဲ့ ကိုးကန့်ဒေသကို ဆက်သွယ်ထားတဲ့ ဟိုပန်ဖောင်ဆိပ်တံတားကိုလည်း ပြန်လည်ပြုပြင်ဖို့ဆိုပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတာကြောင့် ဒေသခံတွေ အခက်ကြုံနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“နမ့်တစ်ညီနောင်တံတားက လက်ရှိအချိန်ထိ အပျက်အတိုင်းပဲ ဆက်ရှိနေတယ်။ မပြင်သေးဘူး။ ဖောင်ဆိပ်တံတားကလည်း အခုလို ပြန်ပြုပြင်နေတာဆိုတော့ လက်ရှိခရီးသွား ပြည်သူလူထုအနေနဲ့ရော ကားသမားတွေရော စီးပွားရေးလုပ်ကိုင်တဲ့သူတွေအတွက်ရော ဟိုဖက်ဒီဖက် သွားမရတော့ နဲနဲတော့ အခက်တွေ့တာပေါ့နော်”
ဟိုပန်ဖောင်ဆိတ်တံတားကို နိုဝင်ဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၂၈ ရက်အထိ တစ်လကြာ အချိန်ယူပြင်ဆင်သွားမှာဖြစ်တာကြောင့် ပြင်ဆင်ပြီးတဲ့အချိန်ကျမှ ဖြတ်သန်းသွားလာလို့ရမှာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။