မိုင်းရူပ၊ နိုဝင်ဘာ ၂၅ ရက်၊ မတ္တရာ
မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်နဲ့ စဥ့်ကူးမြို့နယ်အစပ်မှာရှိတဲ့ ပတ်လည်အင်းရွာအထိ စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး မတ္တရာမြို့နယ်တစ်ခုလုံးနီးပါး စစ်ကောင်စီ ပြန်ထိန်းချုပ်လိုက်ပြီလို့ မြေပြင်သတင်းအရင်းမြစ်တချို့က ရွှေဖီမြေသို့ ပြောပါတယ်။
မနေ့ နိုဝင်ဘာ ၂၄ ရက်အထိ စစ်ကောင်စီစစ်ကြောင်းဟာ မတ္တရာမြို့နယ်ထဲမှာရှိတဲ့ ပတ်လည်အင်းရွာအထိ ရောက်ရှိလာပြီး မတ္တရာမြို့နယ်ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို စစ်ကောင်စီက ပြန်ထိန်းချုပ်လိုက်ပြီလို့ ဆိုပါတယ်။
“ပတ်လည်အင်းက မတ္တရာနဲ့ စဥ့်ကူးအစပ်မှာ ရှိတယ်။ မနေ့အထိ စကစတွေ ပတ်လည်အင်းရွာနားအထိ ရောက်ပြီ။ စဥ့်ကူးဘက်ကို ထိုးဖို့ ရာခိုင်နှုန်းများတယ်။ အခု မတ္တရာရဲ့ အခြေအနေက မြို့ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို စကစလက်အောက် ရောက်သွားပြီလို့ ပြောလို့ရတယ်” လို့ မြေပြင်သတင်းအရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ စဥ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ မတ္တရာမြို့ပေါ်က နေရာတွေအပါအဝင် သပိတ်ကျင်းမြို့ကိုပါ ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး စဥ့်ကူးမြို့နယ်ထဲကို ထိုးစစ်ဆင်လာဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား တစ်နေ့ထက်တစ်နေ့ တိုက်ပွဲပြင်းထန်လာနေတာကြောင့် လူထုတွေအနေနဲ့ စစ်ရေးသတိ ရှိကြဖို့ လိုအပ်ကြောင်း မန္တလေး PDF က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက် ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။