ပို့လဘား၊ နိုဝင်ဘာ ၂၄ ရက်၊ မြိုင်
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံတွေရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မနေ့ နိုဝင်ဘာ ၂၃ ရက် မနက် ၉ နာရီခွဲမှာ မြိုင်မြို့နယ် တဲကြီးရွာဘက် စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးလာပြီး ရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
၎င်းတာဝန်ရှိသူက “တဲကြီးရွာနဲ့ နယ်သတ်ရွာဘက် အဲနားပတ်ချာလည်အနားမှာ မီးရှို့ခဲ့တယ်။ အဲဒီကမ္ဘားဖြူနဲ့ တဲကြီးဘက်သွားတဲ့ လမ်းကြောင်းကို တောတိုက်နေအိမ်တွေ တော်တိုက် တဲအိမ်တွေကိုလည်း လျှောက်ရှို့တယ်လို့လည်း သိရတယ်။ နေအိမ်ဘယ်နှစ်လုံး ပါသွားလဲတော့ ကျနော်တို့ မသိရသေးဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် နယ်သတ်ရွာ ဘုန်းကြီးကျောင်းထဲ ရောက်လာကြတဲ့ စစ်တပ်ဟာ နယ်သတ်ရွာခံတွေရဲ့ နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တာ ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်ကစပြီး မြိုင်မြို့နယ်ထဲ စစ်တပ်က စစ်ကြောင်း ထိုးလာပြီး ဒေသတွင်းရှိ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဒေသခံတွေကိုလည်း သတ်ဖြတ်ခဲ့တာ ရှိတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။