ပို့လဘား၊ နိုဝင်ဘာ ၂၃ ရက်၊ ဖယ်ခုံ
ရှမ်းတောင်-ကရင်နီနယ်စပ် ဖယ်ခုံမြို့အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNOတို့က လက်နက်ကြီး ပစ်ခတ်လိုက်တာကြောင့် စစ်ရှောင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ နိုဝင်ဘာ ၂၂ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ဖယ်ခုံမြို့အနောက်ဘက်ခြမ်းရှိ ဘောရန်ကျေးရွာအနီးက စစ်ရှောင် အမျိုးသမီး ၃ဦးဟာ တောင်ယာကနေ ပြန်လာနေတဲ့အချိန်မှာ စစ်ကောင်စီနဲ့ PNO တို့က လက်နက်ကြီးပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
“တောင်ယာခင်းမှာ တောင်ယာသွားလုပ်တာ။ စကစနဲ့ PNOဖက်က လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်လို့ သေဆုံးရတာ။ အဲမှာပဲ ပွဲချင်းသေဆုံးတာ” လို့ ပြောပါတယ်။
သေဆုံးသွားသူတွေဟာ အသက် ၁၇ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦး၊ အသက် ၄၆အရွယ်ရှိတဲ့ အမျိုးသမီးနဲ့ အသက် ၆၀အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦးတို့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း ဖယ်ခုံအနောက်ခြမ်းရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ PNOတို့ဟာ စစ်ကြောင်းထိုးလာပြီး ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့အပြင် နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ အဆိုပါအမျိုးသားက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။