အိုက်ပွီး၊ နိုဝင်ဘာ ၂၁ ရက်၊ ပလက်ဝ
အာရက္ခတပ်တော်(ULA/AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သုံးကြိမ်တိတိ အဓမ္မပြုကျင့်ခံရတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
ကျူးလွန်သူလို့ သံသယရှိသူမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပြည်လုံးကြီးကျေးရွာမှ အသက် ၄၆ နှစ်အရွယ် ဦးထွန်းလှိုင်ဆိုသူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့၊ ညနေ ၅ နာရီခန့်မှာ ရွာထဲ သွားလာနေချိန်မှာ အဲဒီကျေးရွာရဲ့ မြောက်ဘက်ခြမ်း တောစပ်မှာ အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။
“မုဒိမ်းမှုဖြစ်တာက ဟုတ်ပါတယ်။ ဒါပေမယ့် မိသားစုတွေက မပြောရဲဘူး။ ဘာမေးမေး ဘာမှမပြောဘူး။ AA ဆီမှာ အကြောင်းကြားထားတယ်လို့ ကြားတယ်။”လို့ အဲကျေးရွာမှ ချင်းအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ကျူးလွန်သူလို့ သံသယရှိသူမှာ ထွက်ပြေးလွတ်မြောက်ပေမယ့် တစ်ပတ်ကျော်ကြာ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျေးရွာတစ်ရွာမှာ အာရက္ခတပ်တော် (ULA/AA) က ဖမ်းဆီးရမိခဲ့ပါတယ်။
“ဖမ်းဆီးရမိတဲ့ သံသယရှိသူကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆ နဲ့ ULA/AA က စစ်ဆေးနေတယ်”လို့ ULA/AA နဲ့ နီးစပ်တဲ့ ရခိုင်ဒေသခံအမျိုးသားတစ်ဦး ရွှေဖီမြေသို့ ပြောပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အပါအဝင် ULA/AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ မြို့နယ်တွေမှာလည်း သက်ငယ်အဓမ္မပြုကျင့်မှုအပါအဝင် အဓမ္မပြုကျင့်တွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလကလည်း ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာမှာ ချင်းအမျိုးသမီးတစ်ဦး ယာခင်းသွားစဥ် ULA/AA တပ်ဖွဲ့ဝင်နှစ်ဦးက အဓမ္မပြုကျင့်ခဲ့ပြီး ရေနစ်သတ်ဖြတ်မှုဖြစ်ပွားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။