ပို့လဘား၊ နိုဝင်ဘာ ၂၁ ရက်၊ ဖားဆောင်း
ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ နိုဝင်ဘာ ၂၁ ရက် မနက် ၈ နာရီကျော်မှာ မော်ချီးဒေသမှာရှိတဲ့ ခဲလုပ်ကွက်တစ်ခုကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။
“ဒီမနက် ၈ နာရီနဲ့ ၉ နာရီကြားမှာ လေယာဉ် ၃ စီးနဲ့ လာကြဲသွားတယ်။ ကေဒီခဲလုပ်ကွက် မျောလုပ်တဲ့ ခဲလုပ်သားတွေ ထိခိုက်သေဆုံးရတာပါ။ ခဲလုပ်သား ပြည်သူတွေပေါ့နော်။ အမျိုးသားနဲ့ အမျိုးသမီး သေဆုံးမှုများတယ်။ လောလောဆယ်တော့ သေဆုံးသူ ၅ယောက်ပဲ သိရတာ။ ဒဏ်ရာရတဲ့သူက ဆေးရုံပို့နေတော့ မသိရဘူး” လို့ ၎င်းက ပြောပါတယ်။
မော်ချီးဒေသ ကေဒီလုပ်ကွက်ဘက်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာအပြင် မော်ချီးဒေသရှိ အမှတ် (၂) စက်ရုံနဲ့ ညောင်ပင်ဘက်မှာလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှုတော့ သေချာမသိရသေးဘူးလို့ အဆိုပါ အမျိုးသားက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်ကလည်း မော်ချီးဒေသ လိုခါးလိုရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။