ယာရူစိင်၊ နိုဝင်ဘာ ၂၁ ရက်၊ ဖားကန့်
ကချင်ပြည် ဖားကန့်မြို့မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
မနေ့ နိုဝင်ဘာလ ၂၀ ရက် ည ၁၁ နာရီ ၂၂ မိနစ်မှာ ဖားကန့်မြို့ မရှီကထောင် ရခိုင်ကုန်း၊ ဖားကန့်တပ်မကုန်းကနေ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တာကြောင့် ဆိပ်မူ ရပ်ကွက် (၁)၊ ဆိပ်မူ ရပ်ကွက် (၃) နဲ့ စန်းသီတာကုန်းမှာ ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
“ပစ်တဲ့ လက်နက်အလုံးရေ ၁၈ လုံးလောက် ရှိပါတယ်။ တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်တာပါ။ ထိတာလည်း ဒေသခံတွေရဲ့ နေအိမ်တွေပါပဲ” လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အသက် ၂ နှစ်အရွယ်ရှိတဲ့ မောင်ချိုးသန်လွင်ဆိုသူ သေဆုံးခဲ့ရတာဖြစ်ပြီး နေအိမ် ၁၀ လုံးခန့်လည်း ထိမှန်ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက် နေ့လယ် ၁ နာရီ ၄၅ မိနစ်မှာလည်း ဖားကန့်မြို့ မရှီကထောင်အုပ်စု ကျန်ဂတ်မှော်ရှိ ကျောက်လုပ်ကွက်တစ်ခုကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက် နေ့လယ် ၁၂ နာရီ ၃၆ မိနစ်မှာလည်း စစ်ကောင်စီတပ်က ဖားကန့်မြို့ ဗျူဟာကုန်းကနေ လက်နက်ကြီး ပစ်ခတ်တာကြောင့် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဖဝါကျေးရွာရှိ မူကြိုကျောင်းဝန်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျောင်းဆရာမ ၁ ဦးနဲ့ ၄ နှစ်အရွယ် မူကြိုကလေး ၁ ဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။
ဖားကန့်မှာ စစ်တပ်က နေ့စဉ်လိုလို လက်နက်ကြီးနဲ့ ဒရုန်း အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုလည်း နေ့စဉ် ရှိနေပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်အကြား စစ်ရေး တင်းမာနေဆဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။