ရွှေဖီမြေ၊ နိုဝင်ဘာ ၂၀ ရက်
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)တွေကို စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) တို့ ဝင်ရောက်ရှင်းလင်းရာမှာ နိုင်ငံခြားသား ၆၁၁ ဦးနဲ့ ငွေလိမ်ရာမှာ အသုံးပြုတဲ့ကွန်ပျူတာ (၂,၆၅၃) လုံးနဲ့ ဖုန်း (၁၉,၆၅၀) လုံး သိမ်းဆည်းခဲ့တယ်လို့ စစ်ကောင်စီတပ်က ထုတ်ပြန်ပါတယ်။
ရွှေကုက္ကိုကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်က စတင်ရှင်းလင်းခဲ့တာဖြစ်ပြီး ၂ ရက်အတွင်း နိုင်ငံခြားသား ၆၁၁ ဦးနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ရွှေကုက္ကိုလ်က ကျားဖြန့်လုပ်ကိုင်သူတွေကို စစ်ကောင်စီတပ် ဝင်ရောက်ဖမ်းဆီးတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရွှေကုက္ကိုလ်ရှိ အမျိုးသမီးတစ်ဦးက ရွှေဖီမြေသို့ အခုလို ပြောပြပါတယ်။
“ဟိုတယ်ထဲမှာဘဲ အောင်းနေတာ။ မနေ့ညက လာစစ်တယ်။ သူတို့တရုတ်ပြည်ကလူတွေကို ဖမ်းတယ်လေ။ အများကြီးပဲ။ တချို့လူတွေက ထွက်ပြေးလို့ လိုက်နေကြတာ။ မနေ့ညက ကျမတို့တည်းတဲ့ ဟိုတည်မှာ ညသန်းခေါင်ကြီး ထပြေး ထအော်နေကြတာ။ ကျမတို့ အခန်းကိုလည်း လာစစ်တယ်။ တရုတ်လူမျိုးရှိလားတဲ့။ မရှိဘူးလို့။ သေချာလားတဲ့။ ကျမတို့က သေချာတယ်လို့ ပြောလိုက်တော့ ဘာမှမဖြစ်ဘူး မကြောက်နဲ့တဲ့။ ဒီတိုင်းပဲ ထွက်သွားပြီး တရုတ်လူမျိုးတွေ လိုက်ဖမ်းတာလေ။ မနေ့ညက တစ်ရာကျော်လောက် ဖမ်းမိတယ်ထင်တယ်”
ဖမ်းမိထားတဲ့သူတွေကို ရွှေကုက္ကို မြိုင်ကျေးရွာ လုံထင်းဝင်းရှိ အဆောက်အဦးထဲမှာ ထိန်းသိမ်းစစ်ဆေးနေပြီး အဒီထဲက ၂၀၀ ဦးဟာ မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
အလားတူ မြဝတီ-မယ်ထော်သလေး (KK Park) အတွင်းက ကျားဖြန့်လုပ်ငန်းမှာ အသုံးပြုတဲ့ အဆောက်အဦး ၆၃၅ လုံးရှိတဲ့အထဲက ၁၇၀ လုံးကို ဖြိုချဖျက်ဆီးခဲ့ပြီး ကျန်တဲ့အဆောက်အအုံ ၄၆၅ လုံးကိုလည်း ဆက်လက်ဖြိုချ ဖျက်ဆီးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အမေရိကန်အပါအဝင် နိုင်ငံတကာက ကျားဖြန့်နှိမ်နင်းရေးအပေါ် အာရုံစိုက်လာချိန်မှာပဲ စစ်ကောင်စီတပ်က ကျားဖြန့်နှိမ်နင်းရေးကို အမျိုးသားရေးတာဝန်အဖြစ် ပြတ်ပြတ်သားသား အမြစ်ဖြတ်ချေမှုန်းသွားမယ်လို့ ပြောကြားပြီး အခုလို ရွှေကုက္ကိုလ်ကို ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။