လွေးထွေး၊ နိုဝင်ဘာ ၂၀ ရက်၊ နမ့်ဆန်
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ် မြို့သစ်ရွာမှာ လက်ဖက်လှန်းပြီး ပြန်လာတဲ့ ကားတစ်စီးက ချောက်ထဲကျလို့ ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ရွာခံအမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက် မနက် ၇ နာရီဝန်းကျင်မှာ မြို့သစ်ရွာရဲ့ ဘောလုံးကွင်းကနေ လက်ဖက်လှန်းပြီး ပြန်လာတဲ့ ကားတစ်စီးက ချောက်ထဲ ထိုးကျခဲ့တာ ဖြစ်ပါတယ်။
မြို့သစ်ရွာခံ အမျိုးသားက “ကျနော့အထင် ကားမောင်းတာ သိပ်မကျွမ်းသေးတာလည်း ပါမယ်။ မနက်စောစောဆိုတော့ နှင်းကျနေချိန် လမ်းချော်လို့ စလစ်ဖြစ်သွားတာလည်း ဖြစ်မယ်ပေါ့” လို့ ပြောပါတယ်။
အဲဒီကားထဲ လိုက်ပါသူ ၄ ဦးထဲမှ မအီဒဲ့ဆိုသူ အမျိုးသမီးက ဦးခေါင်းထိသွားတာကြောင့် သေဆုံးသွားတာဖြစ်ပြီး ကျန် ၃ ဦးဖြစ်တဲ့ မမိုး၊ လွေးအေးဌေး၊ လွေးသင်ဇာတို့ကတော့ ဒဏ်ရာရခဲ့ကြတယ်လို့ ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်ကလည်း မိုးကုတ်ကနေ မူဆယ်တက်မယ့် မိုးကုတ်စစ်ရှောင်ကားတစ်စီးက မိုင်းငေါ့မြို့ လန်လွယ်ကျေးရွာတောင်အတက်မှာ နောက်ပြန်လိမ့်တာကြောင့် ကလေး ၂ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။