ရဲမာန်၊ နိုဝင်ဘာ ၂၀ ရက်၊ ဂန့်ဂေါ
မကွေးတိုင်း ဂန့်ဂေါမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေဖီမြေမှ စုံစမ်းသိရှိရပါတယ်။
မနေ့ နိုဝင်ဘာ ၁၉ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က ဒီပဲယင်းမြို့နယ် ယဉ်ကျင်းရွာက ဘုန်းကြီးကျောင်းကို ဂျိုင်ရိုကော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရရှိခဲ့တာ ဖြစ်ပါတယ်။
“ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ ဒဏ်ရာရတာက အမျိုးသားသုံးဦးပါ။ ဘုန်းကြီးအနားမှာ နေတဲ့ ကျောင်းသားတွေပါ” လို့ ဒီပဲယင်းပကဖ တာဝန်ခံ ဆရာသစ္စာက ရွှေဖီမြေကို ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက် ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာကို ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၇ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တာဖြစ်ပြီး နောက်ထပ်အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် အရပ်သားနေအိမ်လည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုထားပါတယ်။
ဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်က ယောနယ်ကို နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အလားတူ နိုဝင်ဘာ ၁၈ ရက် တရက်တည်းမှာဘဲ စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း ကနီမြို့နယ် မင်းအိုရွာအနီးကို ဂျက်ဖိုက်တာနဲ့ ဗုံး ၃ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရာရှိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၀ ရက်မှာလည်း စစ်ကောင်စီတပ်က ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းရွာနဲ့ ကျွန်းတောလေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံး ၅ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကျွန်းတောရွာက အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။