မိုင်းရူပ၊ နိုဝင်ဘာ ၁၉ ရက်
တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီကို ပြန်ပေးရမယ့် မိုးမိတ်နဲ့ မိုးကုတ်မြို့မှာ မြို့ထဲ ဝင်လာမယ့် စစ်ကောင်စီတပ်တွေကို တအာင်းတပ်မတော် PSLF/TNLA က လုံခြုံရေးပေးပြီး ခေါ်သွင်းမယ်လို့ သတင်းတွေ ထွက်နေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်မှာ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်မှာ လှုပ်ရှားတဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေကို TNLA က ခေါ်ယူတွေ့ဆုံခဲ့ပြီး ပြောဆိုခဲ့ကြောင်း ဒီဖြစ်စဉ်ကို သိရှိထားတဲ့ မိုးကုတ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“စစ်ကောင်စီကို TNLA က ခေါ်သွင်းမယ် သေချာတယ်။ နိုဝင်ဘာ ၃၀ ရက်နဲ့ ဒီဇင်ဘာ ၁ ရက် ခေါ်သွင်းမယ်လို့ ကြားတယ်” လို့ ဆိုပါတယ်။
မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ထဲကို စစ်ကောင်စီတပ်က နောင်ချို-မိုးကုတ် လမ်းကြောင်းကနေ ဝင်လာမယ်လို့ သတင်းတွေထွက်နေပြီး ရွှေဖီမြေက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
အဲဒီမြို့နှစ်မြို့ထဲကို ဝင်လာမယ့် စစ်ကောင်စီကို တအာင်းတပ်က ကူညီမယ်လို့ ပြောထားတဲ့အတွက် အဆိုပါမြို့တွေ စစ်ကောင်စီလက်အောက် မရောက်အောင် ခုခံကာကွယ်သွားမယ်လို့ ထုတ်ပြောထားတဲ့ တော်လှန်ရေးတပ်တွေအတွက် ခက်ခဲနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
လက်ရှိဖြစ်လာနိုင်တဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့ရဲ့ အခြေအနေကို TNLA က လူထုတွေကို သေသေချာချာ အသိပေးထားတာ မရှိတာကြောင့် မြို့ခံတွေအများစုက ဘေးလွှတ်ရာကို ကြိုတင်တိမ်းရှောင်နေကြရပါတယ်။
မိုးကုတ်နဲ့ မိုးမိတ်မြို့ထဲ ဝင်လာမယ့် စစ်ကောင်စီကို တအာင်းတပ်က ကူညီပေးမယ်လို့ ပြောကြားထားတာ ပတ်သက်ပြီး အသေးစိတ် သိရဖို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူကို ရွှေဖီမြေက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီတပ်နဲ့ တအာင်းတပ်တို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်ကစပြီး အပစ်ရပ်ဖို့ သဘောတူပြီးနောက် TNLA က ၎င်းတို့ ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ကို စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။