ပို့လဘား၊ ဇန်နဝါရီ ၁၅ ရက်၊ တန့်ယန်း
ရှမ်းမြောက် တန့်ယန်းမြို့နယ်ထဲ ကျားဖျန် လုပ်ကိုင်သူ အယောက် ၅၀၀ ထပ်ရောက်လာကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၂၄ နိုဝင်ဘာ ၂၀ ရက်က လူအင်အား ၅၀၀ ရှိတဲ့ တရုတ်ကျားဖျန်အဖွဲ့ဟာ တန့်ယန်းမြို့နယ် မန်ကတ်ရွာအနီးရှိ ကာချတ်ရွာသို့ ရောက်ရှိလာပြီးတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်ကစပြီး လုပ်ငန်း စတင်နေပြီဖြစ်တယ်လို့ ၎င်းအမျိုးသားက ပြောဆိုပါတယ်။
“အဲထဲ (လုံခြုံရေး လုပ်ပေးသူ)မှာ ဝ အဖွဲ့တွေလည်း ရှိတယ်။ ကျားဖျန်အဖွဲ့တွေ ဝင်လာတာ ဝ အဖွဲ့တွေ မသိလို့ မရဘူးလေ။ သူတို့ဂိတ်ကို ဖြတ်ပြီးမှ စစ်တပ်ဂိတ်တွေ ဖြတ်ရတာ။ စစ်တပ်ဂိတ်လည်း ပိုက်ဆံ ပေးရင် ဘယ်နေရာမဆို သွားလို့ ရတယ်လေ”
ကာချတ်ရွာထဲ ကျားဖျန် လုပ်ကိုင်သူတွေ ရောက်ရှိလာကြတာကြောင့် ဒေသခံတွေက တိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်နေကြတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
တန့်ယန်းမြို့ထဲမဝင်ခင် မန်ကတ်တံတားမှာ စစ်တပ်က ဂိတ် ဖွင့်ထားပြီး ဖြတ်သန်းသွားလာတဲ့ ကားသမားတွေအနေနဲ့ ငွေပေးမှသာ ဖြတ်သန်းခွင့် ရတယ်လို့ ဆိုပါတယ်။
တန့်ယန်းမြို့မှာ တရုတ်နဲ့ စစ်တပ်က ကျားဖျန်ရုံ ဖွင့်ထားပြီး “ဝ”တပ်မတော်- UWSA နဲ့ ရှမ်းပြည်တပ်မတော်- SSPP က လုံခြုံရေး ယူပေးနေတယ်လို့ အထက်ပါ သတင်းရင်းမြစ်က ပြောဆိုပေမဲ့ UWSA နဲ့ SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူကို ရွှေဖီမြေက စာပို့ကာ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည် ဖြေကြားတာ မရှိသေးတဲ့အတွက် သီးခြားအတည်ပြုချက် မရသေးပေ။
တန့်ယန်းမြို့နယ်ထဲ UWSA, SSPP, TNLA, MNDAA နဲ့ စစ်တပ်အပြင် ၎င်းရဲ့ လက်အောက်ခံ ပြည်သူ့စစ်လည်း သွားလာလှုပ်ရှားတဲ့ဒေသ ဖြစ်ပါတယ်။