လွေးဇွန်မိုး၊ နိုဝင်ဘာ ၁၅ ရက်၊ သီပေါ
စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့နယ်မှာ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက် ညနေ ၄ နာရီဝန်းကျင်မှာသီပေါမြို့နယ် စံဖိတ်ကျေးရွာက အသက် ၆၄ နှစ်အရွယ် ဦးကောလိယ ဆိုသူဟာ သီပေါမြို့အဝင်မုဒ်ဦး အလှူခံ မဏ္ဍပ်အနီးမှာ မိုင်းနင်းမိပြီး ညာဘက်ခြေထောက်နဲ့ ညာဘက်လက်မောင်း ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“သူက စံဖိတ်က လူပဲလေ။ ဒဏ်ရာရတာတော့ တော်တော်လေး ပြင်းတယ်။ ဒဏ်ရာကလည်း ခြေထောက်နဲ့ လက်မှာ”
လက်ရှိမှာတော့ ဒဏ်ရာရတဲ့ အမျိုးသားဟာ လားရှိုးပြည်သူ့ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက် ညနေ ၅ နာရီဝန်းကျင်မှာလည်း ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာအုပ်စု ခေါက်ခက်ရွာက အမျိုးသားတစ်ဦး ပြောင်းခင်းသွားကြည့်ရာကနေ မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့ပါတယ်။
ရွှေဖီမြေက ပြုစုထားတဲ့စာရင်းအရ ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ၁၀ လအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် ကလေး၂ ဦးအပါအဝင် ၁၁ ဦး သေဆုံးပြီး ကလေး ၆ ဦးအပါအဝင် ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။