ယာရူစိင်၊ နိုဝင်ဘာ ၁၄ ရက်၊ သီပေါ
ရှမ်းမြောက် သီပေါမြို့အထွက် သီပေါ-လားရှိုးတံတားကို ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်က အပြန်အလှန် ပိတ်ထားတာကြောင့် ဖြတ်သန်းသွားလာလို့ မရဘူးလို့ သီပေါမြို့ခံ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“တံတားဘက်ကျ လမ်းလျှောက်လို့ ရတယ်။ ယာဉ်တွေပဲ ပေးမဖြတ်တာ။ မနက်တုန်းကတော့ တံတားနားမှာ ယာဉ်ပိတ်ဆို့မှုတွေ ဖြစ်သေးတယ်။ တချို့ကျ ပြန်လှည့်သွားကြတာ”
ဒီနေ့ နိုဝင်ဘာ ၁၄ ရက် မနက် ၆ နာရီကစပြီး သီပေါအဝင်အထွက်တံတားကို ရက်အကန့်အသတ်မရှိ ပိတ်ထားတာကြောင့် ကား၊ ဆိုင်ကယ်မှန်သမျှ ဖြတ်သန်းသွားလာလို့မရသေးဘူးလို့ သိရပါတယ်။
နောက်ထပ် သီပေါမြို့ခံ တစ်ဦးက “သီပေါတံတားကို ကိုးကန့်နဲ့ စစ်တပ်က အပြန်အလှန်ပိတ်တာပါ။ ဖြတ်သွားလို့ မရအောင် သူတို့ လုပ်တာပါ”လို့ ပြောပါတယ်။
သီပေါမြို့အထွက် တံတားကို စစ်ကောင်စီတပ်က ပိတ်ဆို့နေပြီး လားရှိုး- သီပေါအဝင်ဘက်မှာတော့ ကိုးကန့်တပ်က ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က လားရှိုးမြို့နယ် ဟ်ုဟကျေးရွာမှာ ကိုးကန့်တပ်က တပ်စွဲထားတဲ့ စခန်းဂိတ်ကနေ ဆုတ်ခွါပေးဖို့ကို စစ်ကောင်စီတပ်က တောင်းဆိုထားပေမဲ့ ကိုးကန့်တပ်ဘက်က ငြင်းပယ်ခဲ့တာကြောင့် နှစ်ဖက်တပ်တို့အကြား စစ်ရေးတင်းမာနေတယ်လို့ ဒီဖြစ်စဉ်ကို သ်ိရှိသူ တစ်ဦးထံက သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။