မိုင်းရူပ၊ ဇန်နဝါရီ ၁၅ ရက်၊ နောင်ချို
တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် ကုန်းစုံရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
မနေ့ ဇန်နဝါရီ ၁၄ ရက် ည ၁၁ နာရီဝန်းကျင်မှာ ဂျက်လေယာဉ်နဲ့ ၁ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လူထိခိုက်သေဆုံးမှုတော့ မရှိဘူးလို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဂျက်နဲ့တစ်ခါ လာကြဲသွားတယ်။ ကုန်းစုံရွာက TNLA ထိန်းချုပ်ထားတာ။ လူအထိအခိုက်တော့ မရှိဘူး”
ကုန်းစုံရွာဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း TNLA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၁၁၅ အနီးမှာရှိတဲ့ကျေးရွာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်မှာလည်း PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
နောင်ချိုမြို့နယ်ထဲက စစ်ကောင်စီရဲ့ အမြှောက်တပ် တည်ရှိရာ တောင်းခမ်းရွာနဲ့ နောင်ချိုနဲ့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်ကြားက ဂန့်ကော်နဲ့ အုမ္မတီးရွာဘက် စစ်တပ်နဲ့ TNLA တို့အကြား စစ်ရေး တင်းမာနေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်း အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေပါတယ်။
နောင်ချိုမြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်ကတည်းက TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပါတယ်။