ရွှေဖီမြေ၊ နိုဝင်ဘာ ၁၁ ရက်၊ ကွမ်းလုံ
ကိုးကန့်တပ်- MNTJP/MNDAA ထိန်းချုပ်ထားတဲ့ ကွမ်းလုံမှာ ယဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ဖို့ မြို့ရှောင်လမ်းအသစ် ဆောက်လုပ်သွားမယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ပါတယ်။
အဲဒီမြို့ရှောင်လမ်းကို မနေ့ နိုဝင်ဘာ ၁၀ ရက်မှာ စတင်အကောင်အထည် ဖော်ခဲ့ပြီး လမ်းရဲ့အရှည်က ၄ မိုင် (၇ ကီလိုမီတာ)နဲ့ အကျယ်ဟာ ၄ လမ်း မောင်းနှင်လို့ ရနိုင်မယ့် ၉၈ ပေ (၃၀ မီတာ)ရှိမှာ ဖြစ်ပါတယ်။
ဆောက်လုပ်မယ့်လမ်းဟာ ကျေးရွာတွေရဲ့ ယာခင်းတွေထဲ ဖြတ်သန်းသွားမှာ ဖြစ်တာကြောင့် ဒေသခံတွေနဲ့ ကြိုတင်ညှိနှိုင်းကာ စိုက်ပျိုးထားတဲ့ တန်ဖိုးအတွက် လုံလောက်တဲ့ လျော်ကြေး ပေးဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းခင်းလမ်းကို ၂ လဝန်းကျင် အချိန်ယူ ဖောက်လုပ်မှာဖြစ်ပြီး အကြမ်းလမ်း ပြီးစီးသွားရင် သဲ၊ ကျောက်စရစ်ခဲတွေ ခင်းကျင်းသွားမယ်လို့ ဆိုပါတယ်။
ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ် ပြန်ဖွင့်ပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံရှိ ကုန်တင်ကားတွေဟာ သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်းကို ပိုမိုအသုံးပြုလာကြပါတယ်။
ဒါကြောင့် ကွမ်းလုံမြို့ထဲ ယာဉ်ကြော ပိတ်ဆို့မှု မဖြစ်ပွားစေဖို့ ကိုးကန့်တပ်က အဲဒီမြို့ရှောင်လမ်းကို ဆောက်လုပ်မယ့် စီမံကိန်းကို အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။