အိုက်ပွီး၊ နိုဝင်ဘာ ၁၀ ရက်၊ တီးတိန်
ချင်းပြည်နယ် တီးတိန်မြို့နယ် တီးတိန်-သိုင်းငင်း ကားလမ်းကို ပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ သိုင်းငင်းရွာမှာ မိုင်းနင်းမိလို့ ၇ ဦး သေဆုံးပြီး ၁၇ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။
တီးတိန်မြို့ကနေ တီးတိန်-သိုင်းငင်း ကားလမ်းအတိုင်း စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မနေ့ နိုဝင်ဘာ ၉ ရက် ညနေပိုင်းမှာ သိုင်းငင်းရွာထဲ ဝင်ရောက်လာပြီး CDF ထောင်ထားတဲ့ မိုင်းတွေ နင်းမိတာပဲ ဖြစ်ပါတယ်။
“တီးတိန်ကနေ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီက တီးတိန်-သိုင်းငင်းလမ်းကို ပေါက်သွားပါပြီ။ ပြန်ထိန်းချုပ်ထားပါပြီ။ မနေ့ညနေကပဲ သိုင်းငင်းရွာကို စစ်ကြောင်း ရောက်တယ်။ အဲမှာ ကျနော်တို့ CDF CDM Syin ထောင်ထားတဲ့မိုင်းတွေ နင်းလို့ စစ်ကောင်စီဘက်က ၇ ယောက်လောက် သေတာ တွေ့ရတယ်။ ၁၇ ယောက်ထက်မနည်း ဒဏ်ရာ ရတယ်လို့ သိရတယ်” ဆိုပြီး ရှေ့တန်းစစ်ရေးသတင်းအရင်းအမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
သိုင်းငင်းရွာကို ရောက်ရှိလာတဲ့ စစ်ကောင်စီ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းဟာ လက်ရှိမှာ သိုင်းငင်းရွာနေရာအနှံ့ထဲ နေရာယူစခန်းချထားပြီး စစ်ကြောင်း ဆက်ထိုးတာ မရှိသေးဘူးလို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်း ရောက်ရှိလာတာကြောင့် သိုင်းငင်းရွာက ဒေသခံတွေဟာ မနေ့ နိုဝင်ဘာ ၉ ရက်ကတည်းက ဘေးလွတ်ရာ ကျေးရွာတွေဘက် ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
“စစ်ကြောင်း မဝင်ခင်ကတည်းက ရွာသားတွေက ကြိုတင်တိမ်းရှောင်ကြပြီ။ မနေ့က စစ်ကောင်စီ ရောက်တဲ့အချိန်မှာ ရွာသားတွေက တစ်ယောက်မှ မရှိကြတော့ဘူး။ အခု သိုင်းငင်းရွာ ဘေးဝန်းကျင်မှာ စစ်ကောင်စီတွေ နေရာယူ စခန်းချထားတယ်” လို့ ရှေ့တန်း စစ်ရေးသတင်းအရင်းအမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
တီးတိန်-သိုင်းငင်းကားလမ်းဟာ တီးတိန်-ကလေး ကားလမ်းမပေါ်မှာရှိပြီး ချင်းပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်ကို ဆက်သွယ်ထားတဲ့ အဓိက လမ်းမကြီးလည်း ဖြစ်ပါတယ်။
တီးတိန်-သိုင်းငင်း ကားလမ်းကို စစ်ကောင်စီ ထိန်းချုပ်ထားပေမဲ့ သိုင်းငင်း-ကလေး ကားလမ်းကို CDF CDM Syin က ဆက်လက် ထိန်းချုပ်ထားသေးတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။