မိုင်းရူပ၊ နိုဝင်ဘာ ၁၀ ရက်၊ နမ့်ခမ်း
စစ်ကောင်စီနဲ့ အပစ်ရပ်ပြီးနောက် တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့ကနေ တရုတ်နိုင်ငံဘက် ဆက်သွယ်ထားတဲ့ နောင်တောင်း နယ်စပ်ဂိတ်ကို တရုတ်ဘက်က ပြန်ဖွင့်ပေးပြီလို့ သိရပါတယ်။
“နယ်စပ်ဂိတ် ပြန်ဖွင့်တာ ဟုတ်တယ်။ ပစ္စည်းတွေတော့ သယ်လို့မရသေးဘူး။ တရုတ်ဘက်က ဂိတ် ပြင်နေတာ။ တရုတ်ပြည်ဘက်က လူတွေတော့ အဝင်အထွက် လုပ်လို့ရပြီ” လို့ နမ့်ခမ်းဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
နောင်တောင်း နယ်စပ်ဂိတ်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်း စတင်ပြီးနောက် တရုတ်ဘက်က ပိတ်ခဲ့ပြီး တစ်နှစ်ကျော်အကြာမှာ ပြန်ဖွင့်ပေးခဲ့တာပဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ တအာင်းတပ်တို့ အပစ်ရပ်ဖို့ သဘောတူပြီးနောက် တအာင်းတပ် ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ကို စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်က တအာင်းတပ် ထိန်းချုပ်ဒေသတွေကို လေကြောင်းနဲ့ တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်း မပြုလုပ်ရဘဲ နှစ်ဖက်တပ် ရောက်တဲ့နေရာမှာ ရပ်တန့်ကြဖို့ အောက်တိုဘာ ၂၉ ရက်ကစပြီး အပစ်ရပ်ဖို့ သဘောတူခဲ့တာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။