အင်းငယ်၊ ဇန်နဝါရီ ၁၄ ရက်၊ ဘော်လခဲ
ကရင်နီပြည် ဘော်လခဲမြို့နယ်မှာ စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ဦး သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဘော်လခဲ ဗျူဟာကုန်းကို စစ်ကူပေးဖို့အတွက် လူအင်အား ၃၀ အပါအဝင် လက်နက်ခဲယမ်း၊ ရိက္ခာအပြည့် တင်ဆောင်လာတဲ့ကားဟာ မိုင်းထန်နဲ့ ဝမ်မလန်းရွာကြားမှာ ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းက အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခံလိုက်ရတာပါ။
ဖားဆောင်း PDF ရဲ့ ပြန်ကြားရေး တာဝန်ခံ တစ်ဦးက “အလောင်းကတော့ ၆ လောင်း ရတယ်ပေါ့နော်။ ဒါက မျက်မြင်တွေ့တာပေါ့နော်။ ဒါပေမဲ့ ၁၀ ဦးထက်တော့ ကျော်တယ်။ အဲထက်ပိုပြီးမှ သေဆုံးနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကြီး ရမ်းပစ်တာနဲ့ ကျနော်တို့လည်း မစစ်နိုင်တော့ဘူး။ ပြန်ဆုတ်လာရတယ်” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း သေနတ် ၄ လက်၊ ခဲယမ်းနဲ့ စစ်အသုံးဆောင်ပစ္စည်း ရရှိခဲ့ပြီး စစ်ကောင်စီ ယာဉ်တန်းဟာ အထိအခိုက် သေဆုံးမှု များစွာနဲ့ ဘော်လခဲ ဗျူဟာကုန်းကို ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။
အဲဒီ စစ်ဆင်ရေးကို ကရင်နီ မဟာမိတ် တော်လှန်ရေး တပ်ပေါင်းစုက ပူးပေါင်းဖော်ဆောင်ခဲ့ပြီး မိုင်း အလုံး ၃၀ အသုံးပြုခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
“သူတို့ (စစ်ကောင်စီ)ကတော့ တပ်ရင်းအထိုင်စခန်းတွေကို ပြန်ပြီး မပေးရရေးကိုပဲ ပိုပြီးတော့ ကာကွယ်နေတာကို တွေ့ရတယ်ပေါ့။ အဲတော့ ခံတပ်တွေ၊ ကတုတ်ကျင်းတွေ ကောင်းကောင်း တည်ဆောက်နေတာတွေ ရှိတယ်။ အဲဒါကိုပဲ အားစိုက် ပြင်နေတယ်။ ကျနော်တို့ဘက်ကတော့ ထိုးစစ် ပြင်ဖို့ဆိုရင်တော့ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ပြင်ဆင်နေတာလေးတွေ ရှိတယ်ပေါ့” ဖားဆောင်း PDF ရဲ့ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ဆက်ပြောပါတယ်။
ဘော်လခဲခရိုင်မှာ ခလရ ၁၃၄၊ ၁၃၅ အပါအဝင် စစ်စခန်း ၄ ခုခန့်သာ ကျန်ရှိပြီး တော်လှန်ရေး အင်အားစုတွေအနေနဲ့လည်း အပြီးသတ် သိမ်းယူဖို့အတွက် လက်နက်ခဲယမ်း အခက်အခဲများစွာ ရှိတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောဆိုပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၂ ရက်ကလည်း ဘော်လခဲနဲ့ ဖားဆောင်းမြို့နယ်ကြားက ထူးချောင်း စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားတွေ ထွက်ပြေးသွားတာကြောင့် အပြီးသတ် သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။