မိုင်းရူပ၊ နိုဝင်ဘာ ၉ ရက်၊ မိုင်းဘော်
ရေ တိုက်စားမှုကြောင့် ပျက်စီးသွားတဲ့ တံတားတွေကို ပြန်မပြုပြင်သေးတာကြောင့် တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ်နဲ့ မန်တုံမြို့နယ် မိုင်းဘော်ကျေးရွာဘက် ဆက်သွယ်ထားတဲ့ တံတားတွေ မပြုပြင်ရသေးဘူးလို့ သိရပါတယ်။
နမ္မတူ-မိုင်းဘော်ရွာကြားရှိ မိုင်းတက်တံတားရဲ့ ခြေရင်းဟာ ရေ တိုက်စားလို့ ပြိုကျပြီး လက်ရှိမှာ ဆိုင်ကယ်နဲ့သာ ဖြတ်သန်းသွားလာလို့ ရသေးကြောင်း ဒီနေ့ နိုဝင်ဘာ ၉ ရက်မှာ လမ်းပိုင်းကို ဖြတ်သန်းသွားခဲ့တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“မိုင်းတက်တံတားက ကားသွားလို့ မရဘူး။ တံတားရဲ့ ဒီဘက်ခြမ်းက ပြိုကျသွားတာ။ အခုချိန်ထိ မပြင်ရသေးဘူး။ နမ့်ရီးချောင်းတော့ မနက်ဖြန်လောက်ဆို ရေပြန်ကျပြီ”
နမ္မတူ-မိုင်းဘော်လမ်းဟာ မိုင်းဘော်ရွာအတွင်း ၅ ရက်တစ်ဈေးမှာ ဈေးရောင်းတဲ့သူအပါအဝင် မန်တုံနဲ့ နမ္မတူဒေသခံတွေ အဓိက အသုံးပြုပြီး သွားလာတဲ့လမ်းပိုင်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်ကနေ နိုဝင်ဘာ ၆ ရက်အထိ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နမ္မတူမြို့နယ်အပါအဝင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာဒေသမှာလည်း ရေနစ်မြှုပ်လို့ စပါးခင်းတွေ ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် နမ္မတူ-မန်တုံ၊ နမ္မတူ-မိုင်းဘော် လမ်းပိုင်းတချို့လည်း မြေပြိုလို့ ပျက်စီးခဲ့ပြီး နေရာတချို့မှာ ပြန်လည် ပြုပြင်နေပေမဲ့ ဖြတ်သန်းသွားလာရေးအတွက် ခက်ခဲနေဆဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။