မိုင်းရူပ၊ နိုဝင်ဘာ ၇ ရက်၊ မန်တုံ
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မန်တုံနဲ့နမ္မတူမြို့နယ်ကြားရှိ မိုင်းဘော်ကျေးရွာအပါအဝင် ကျေးရွာ ၇ ရွာထက်မနည်းက စပါးခင်းတွေ ရေနစ်မြုပ်လို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
နမ္မတူနဲ့ မန်တုံမြို့နယ်အစပ်မှာရှိတဲ့ မန်တုံမြို့နယ်ထဲက မိုင်းယုတ်၊ မန်မိုင်၊ ဟိုနား၊ မိုင်းဘော်၊ နောင်ဆိုင်း၊ မော်တိုက်နဲ့ တိုက်လတ် စတဲ့ကျေးရွာတွေက စပါးခင်း အများစု ရေနစ်မြှုပ်ပြီး ပျက်စီးခဲ့ပါတယ်။
“အပျက်အစီး တအားများတယ်။ စပါးပုံတွေရော ရေထဲ မျှောပါကုန်တာ။ မိုင်းဘော်တစ်ကြောက ရွာတိုင်းလိုလိုရဲ့ စပါးခင်းတွေ ပျက်ကုန်တာ။ အဓိက ချောင်းနားတစ်လျှောက်က စပါးခင်းတွေ ပျက်တာ” လို့ မိုင်းဘော်ရွာခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ရေနစ်မြှုပ်မှုကြောင့် ပျက်စီးသွားတဲ့ စပါးခင်းရဲ့ ဧက အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်ကစပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရှမ်းမြောက် နမ္မတူမြို့နယ်အပါအဝင် ကွတ်ခိုင်မြို့နယ်ထဲက ကျေးရွာတချို့မှာလည်း ရေနစ်မြှုပ်လို့ စပါးခင်းတွေ ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် နမ္မတူ-မန်တုံ၊ နမ္မတူ-မိုင်းဘော် လမ်းပိုင်းတချို့မှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုပြီး လမ်းပိတ်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။