မိုင်းရူပ၊ နိုဝင်ဘာ ၅ ရက်
တရုတ်ရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီကို ပြန်ပေးမယ့် တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့နယ်မှာ ရွှေနဲ့ ကျောက်မြတ်တူးဖော်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“ဒီမှာက ရွှေတူးဖော်တာတွေ ဆက်လုပ်နေတာဘဲ။ ဒါတွေ ရပ်ဖို့ ဘာမှ အကြောင်းကြားတာတော့ မရှိဘူး” လို့ မိုးမိတ်မြို့နယ်ထဲ ရွှေလုပ်ကွက်တစ်ခုမှာ လုပ်ကိုင်နေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မိုးကုတ်မြို့ရှိ ကျောက်လုပ်ကွက်တစ်ခုမှာ လုပ်ကိုင်နေသူတစ်ဦးကလည်း “မိုးကုတ်မှာ လုပ်တဲ့သူကတော့ လုပ်နေတုန်းပါပဲ” လို့ ဆိုပါတယ်။
လက်ရှိ မိုးကုတ်မြို့ပေါ် PSLF/TNLA ရဲ့ အုပ်ချုပ်ရေး ယန္တရားတွေ ဆက်လက်လည်ပတ်နေပြီး မြို့တွင်းမှာ ခိုးဆိုးလုယက်မှုတွေ မဖြစ်အောင် တအာင်းတပ်ရဲ့ ရဲတပ်ဖွဲ့က တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မိုးမိတ်နဲ့ မိုးကုတ်ကို စစ်ကောင်စီတပ်ထံ ပြန်ပေးပြီးနောက် မြို့ခံတချို့က မြို့တွင်းကနေ ထွက်ပြေးတိမ်းရှောင်တာတွေ နေ့စဉ်လိုလို ရှိနေပါတယ်။
လာမယ့် နိုဝင်ဘာ ၂၅ ရက်နောက်ဆုံးထားပြီး တအာင်းတပ်ဘက်က မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ကနေ အပြီး ဆုတ်ခွာပေးရမယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ရွှေဖီမြေက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ PSLF/TNLA နဲ့ စစ်ကောင်စီတို့အကြား ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်ကစပြီး အပစ်ခတ်ရပ်စဲဖို့ သဘောတူပြီးနောက် တအာင်းတပ်ဘက်က မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းဖို့ သဘောတူခဲ့ပါတယ်။
မိုးကုတ်အခြေစိုက် တော်လှန်ရေးတပ်တွေဖြစ်တဲ့ မန္တလေး PDF၊ မိုးကုတ်ဗျူဟာအပါအဝင် မိုးကုတ်အခြေစိုက် တော်လှန်ရေးတပ်တွေက မိုးကုတ်မြို့ကို စစ်ကောင်စီလက်အောက် မရောက်အောင် ခုခံကာကွယ်သွားမယ်လို့ ထုတ်ပြန်ထားကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။