လွေးထွေး၊ နိုဝင်ဘာ ၂ ရက်၊ မိုးမိတ်
ရှမ်းမြောက် မိုးမိတ်မြို့က လူလတ်ပိုင်း အမျိုးသားတစ်ဦး အလုပ်လုပ်ဖို့ ထွက်သွားရင်း ၂ နှစ်ကျော်ကြာတဲ့အထိ ပျောက်ဆုံးနေပြီး မိသားစုနဲ့ အဆက်အသွယ် မရတော့ကြောင်း မိသားစုဝင်ဖြစ်သူရဲ့ ပြောပြချက်အရ သိရပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက မိုးမိတ်မြို့ လက်ခုတ်တန်းရပ်ကွက်နေ အသက် ၂၇ နှစ်အရွယ် စိုင်းထက်နောင်ဟာ ကချင်ပြည်နယ် ဗန်းမော်ဘက် အလုပ်လုပ်မယ်ဆိုပြီး ထွက်သွားခဲ့တာပဲ ဖြစ်ပါတယ်။
မိသားစုဝင် အမျိုးသမီးက “သေလား ရှင်လားလို့ဘဲ သိချင်တာ။ ရှင်ရင်လည်း ကျမတို့နဲ့ အဆက်အသွယ် လုပ်စေချင်တယ်။ စိတ်ပူလို့ပါ” လို့ ပြောပါတယ်။
ဗန်းမော်မြို့မှာ အလုပ် လုပ်နေတာ တွေ့ကြောင်း ပြောဆိုနေကြပေမဲ့ ဆက်သွယ်လို့ မရတာကြောင့် တွေ့ရှိသူတွေအနေနဲ့ ဖုန်း 09-691 982 443 သို့ ဆက်သွယ်ပေးဖို့ အထက်ပါ အမျိုးသမီးက တောင်းဆိုထားပါတယ်။
အလားတူ တိုက်ပွဲ ဖြစ်ပွားနေပြီး လက်နက်ကိုင်ပေါင်းစုံ သွားလာလှုပ်ရှားနေတဲ့ ရှမ်းမြောက်မှာ ၂၀၂၅ ခုနှစ်အတွင်း အရပ်သား ပျောက်ဆုံးမှု မကြာခဏ ကြုံတွေ့နေရပြီး ရွှေဖီမြေက ပြုစုထားတဲ့စာရင်းအရ ဒီနှစ်အတွင်း လူဦးရေ ၂၀ နီးပါး ရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။