ရွှေဖီမြေ၊ နိုဝင်ဘာ ၂ ရက်၊ ငဖဲ
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်ဗျူဟာကုန်းဘက် စစ်ကူလာတဲ့ စစ်ကြောင်းကို ၂ လကြာ ခုခံတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သား ၂၆ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်းကနေ အောက်တိုဘာလကုန်အထိ နတ်ဗျူဟာကုန်း မကျရှုံးရေးအတွက် လေကြောင်း ပစ်ကူနဲ့ စစ်ကူတွေကို အဆက်မပြတ် ပို့ဆောင်ခဲ့တယ်လို့ CDF အရှိုရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း စစ်သား ၂၆ ဦး အရှင်ဖမ်းဆီးရမိပြီးနောက် နတ်ရေကန် လမ်းဟောင်းတလျှောက် နယ်မြေရှင်းလင်းရင်း လုပ်ဆောင်နေစဉ် လက်နက်ငယ် ၄ လက်နဲ့ စစ်သုံးလက်နက်တချို့ကိုပါ သိမ်းဆည်းရမိတယ်လို့ ဆိုတယ်။
၂ လတာ တိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho)တပ်ဖွဲ့ဘက်က ၂ ဦး ကျဆုံးခဲ့ပြီး ခြေလက်အင်္ဂါဆုံးရှုံးသူ ၂ ဦးနဲ့ အခြားဒဏ်ရာရရှိသူ ၇ ဦး ရှိခဲ့ပြီး CDF-Asho တပ်ဖွဲ့နဲ့ တခြားသော မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်ကနေ ၁၂ ရက်အထိ CDF-Asho အနေနဲ့ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး တပ်စခန်းအနီး မီတာ ၁,၅၀၀ ပတ်လည် နတ်ရေကန်လမ်းဟောင်း ဖြတ်တောက်တိုက်ခိုက်ရေး လုပ်ဆောင်နေစဉ် နတ်ရေကန်ဗျူဟာကုန်းကနေ ထွက်ပြေးလာတဲ့ စစ်သား ၂၃ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။