ရွှေဖီမြေ၊ အောက်တိုဘာ ၃၁ ရက်၊ မိုးကုတ်
မန္တလေးတိုင်း မိုးကုတ်မြို့ ကာကွယ်ရေးနဲ့ တော်လှန်ရေးတာဝန်ကို ပြန်လည်ထမ်းဆောင်ဖို့ တပ်ဖွဲ့နဲ့ ကင်းကွာနေတဲ့ ရဲဘော်တွေကို ပြန်လည်ဖိတ်ခေါ်တယ်လို့ ဒီနေ့ အောင်တိုဘာ ၃၁ ရက်မှာ မိုးကုတ်ဗျူဟာက ထုတ်ပြန်ထားပါတယ်။
ရဲဘော်တွေဟာ နွေဦးတော်လှန်ရေးခရီးမှာ သွေး၊ချွေး၊ အနစ်နာခံမှုတွေနဲ့ တော်လှန်ရေးရဲ့ အင်အားကြီးမားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ကြပြီး အကြောင်းအမျိုးမျိူးကြောင့် မိုးကုတ်ဗျူဟာနဲ့ ခေတ္တခဏ ကင်းကွာနေခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ရဲဘော်တွေရဲ့ အတွေ့အကြုံ၊ ရဲဘော်တို့ရဲ့ စွမ်းရည်၊ ရဲဘော်တို့ရဲ့ တော်လှန်ရေးအပေါ်ထားရှိတဲ့ စေတနာတွေကို မိုးကုတ်ဗျူဟာ အနေနဲ့ အမြဲတန်ဖိုးရှိနေမှာဖြစ်တဲ့အတွက် တော်လှန်ရေးရဲ့ ခွန်အားတရပ်အနေနဲ့ မိုးကုတ်ဗျူဟာနဲ့အတူ ပြန်လည်လက်တွဲတိုက်ပွဲဝင်ကြဖို့ နွေးထွေးစွာဖိတ်ခေါ်ပါတယ်လို့ ဆိုပါတယ်။
မိုးကုတ်ဗျူဟာအနေနဲ့ MOD ရဲ့ တရားဝင်တပ်ဖွဲ့ ဖြစ်တဲ့အတွက် သက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေကိုလည်း လိုက်နာဖို့လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် တပ်ဖွဲ့နဲ့ ကင်းကွာနေတဲ့ ရဲဘော်တွေကို အခုထုတ်ပြန်တဲ့ရက်ကနေစပြီး တစ်ပတ် (၇ ရက်) အတွင်း ပြန်လည်တာဝန်ထမ်းမယ့်အကြောင်း သတင်းပို့ချိတ်ဆက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ဒါအပြင် ခရီးလွန်နေတဲ့ ရဲဘော်တွေအနေနဲ့ လူကိုယ်တိုင်လာရောက်ချိတ်ဆက်နိုင်မယ့် ရက်ကို သတ်မှတ်ပြီးမှ သတ်မှတ်ရက်(တစ်ပတ်)အတွင်း သတင်းပို့ ချိတ်ဆက်လာပါက စည်းမျဥ်းစည်းကမ်းအတိုင်း စိစစ်ဆုံးဖြတ်ပြီး သက်ညှာထောက်ထားမှု မူဝါဒနဲ့အညီ ပြန်လည်ဝင်ရောက်လာတဲ့ ရဲဘော်တွေရဲ့ နောင်တနဲ့ ဆန္ဒပြင်းပြမှုကို အလေးထားစဥ်းစားပေးမယ်လို့ ဆိုပါတယ်။
သတ်မှတ်ရက် ကျော်လွန်တဲ့အထိ ဆက်သွယ် ချိတ်ဆက်လာမှုမရှိတဲ့ ရဲဘော်တွေကို တရားဝင်တပ်ပြေးအနေနဲ့ ကြေငြာခံရမှာဖြစ်ပြီး MOD က ထုတ်ပြန်ထားတဲ့ စစ်ဘက်ဆိုင်ရာတပ်ပြေးမူ ဥပဒေအရ ပြစ်ဒဏ်ခံယူရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။