ရွှေဖီမြေ၊ အောက်တိုဘာ ၃၀ ရက်၊ လောင်းလုံး
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲက စစ်ကောင်စီ လက်အောက်ခံ မောင်းမကန် ရဲစခန်းကို ပူးပေါင်းတပ်ဖွဲ့ဘက်က တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ အထူးတိုင်းစစ်ဌာနက ဒီနေ့ အောက်တိုဘာ ၃၀ ရက်မှာ ထုတ်ပြန်လာပါတယ်။
အောက်တိုဘာ ၂၆ ရက် မနက် ၅ နာရီခွဲမှာ အဲဒီ မောင်းမကန်ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့တွေက စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး မနက် ၉ နာရီခွဲမှာ ရဲစခန်းတစ်ခုလုံးကို အောင်မြင်စွာ သိမ်းပိုက် ရှင်းလင်းနိုင်ခဲ့ကြောင်းကိုလည်း ဖော်ပြထားပါတယ်။
မောင်းမကန်ရဲစခန်းသိမ်း တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က ၁၂ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် တိုက်ပွဲအတွင်းက စစ်တပါရဲ့ Uzi အမျိုးအစား သေနတ် (၆) လက်၊ G3 အမျိုးအစား သေနတ် (၇) လက်၊ Shot Gun/Smoke gun (၂) လက်၊ ကွန်မန်ဒိုစိန်ပြောင်း(၂) လက်၊ ခြောက်လုံးပြူး (၄) လက်၊ စုစုပေါင်း လက်နက်မျိုးစုံ (၂၁) လက်၊ jampar စက် (၂) လုံးနဲ့ ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်းမှာ တော်လှန်ရေး ရဲဘော် ၁ ဦးလည်း မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြောင်းကိုလည်း ဖော်ပြထားပါတယ်။
အဲဒီရဲစခန်းသိမ်း တိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန ကွပ်ကဲမှူအောက်က နည်းဗျူဟာ (၃၃)၊ ဒေါနတပ်ရင်း တပ်ခွဲ-၄ (KBDF) ၊ ဒေါနတပ်ရင်းတပ်ခွဲ-၇ (LPF)နဲ့အတူ မဟာမိတ်တပ်ပေါင်းစုများဖြစ်တဲ့ ထားဝယ်ခရိုင်တပ်ပေါင်းစု ၊ D.N.L.A ဓူကရစစ်ကြောင်း၊ ရာမညမွန်တပ်တော်၊ ဖက်ဒရယ်ဓူဝံကြယ် ပူးပေါင်းတပ်တွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။