By မိုင်းရူပ၊ ရွှေဖီမြေ

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တအာင်းတပ်မတော်-PSLF/TNLA နဲ့ စစ်ကောင်စီတို့အကြား အပစ်အခတ် ရပ်စဲဖို့ သဘောတူပြီးနောက် တအာင်းတပ်ဘက်က မိုးကုတ်နဲ့ မိုးမိတ်မြို့ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းဖို့ သဘောတူခဲ့ရပါတယ်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) မှာ တအာင်းတပ်သိမ်းပိုက်နိုင်ခဲ့တဲ့ နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တွေကို စစ်ကောင်စီက စစ်ရေးနည်းနဲ့ တိုက်ယူခဲ့ပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ပြန်လည်ရယူခဲ့တာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ နဲ့ ၂၈ ရက်တွေ့ဆုံမှုမှာ စစ်ကောင်စီဘက်က ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့အဖွဲ့နဲ့ တအာင်းတပ်ဘက်က ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ပါတယ်။

ဒီတွေ့ဆုံမှုဟာ တရုတ်ရဲ့ ကြားဝင်မှုကြောင့် တအာင်းတပ်နဲ့ စစ်ကောင်စီအကြား ၉ ကြိမ်မြောက်တွေ့ဆုံမှုဖြစ်ပြီး စစ်ကောင်စီရဲ့ မြို့ပြန်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုမှုကို တအာင်းတပ်က ငြင်းဆန်ခဲ့ပေမယ့် အခုက အထွေထွေဖိအားကြားက လိုက်လျောပေးခဲ့ရတာဖြစ်ပါတယ်။

နှစ်ဖက်တပ်ရဲ့ သဘောတူညီချက်အရ စစ်ကောင်စီဘက်က TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေကို လေကြောင်းတိုက်ခိုက်တာ၊ ထိုးစစ်ဆင်တာ မပြုလုပ်ရဘဲ နှစ်ဖက်တပ်တွေရောက်တဲ့နေရာကနေ မနေ့အောက်တိုဘာ ၂၉ ရက်ကစပြီး အပစ်ရပ်ဖို့ သဘောတူခဲ့ပါတယ်။

ဒီအပစ်ရပ်မှုဟာ ကာလအပိုင်းအခြား သတ်မှတ်ထားတာ ရှိမရှိဆိုတာကိုတော့ မသိရသေးပါဘူး။

၁၀၂၇ စစ်ဆင်ရေးပထမလှိုင်းအနေအထားသို့ ပြန်လည်ရောက်ရှိခြင်း

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) မှာ ကိုးကန့်တပ်မတော်–MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို ပြီးခဲ့တဲ့ ဧပြီလနောက်ဆုံးအပတ်မှာ တရုတ်ရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီကို ပြန်လည်လွှဲပြောင်းပေးခဲ့ရပါတယ်။

ဒါကြောင့် ညီနောင်မဟာမိတ် ၃ ဖွဲ့က ရှမ်းမြောက်နဲ့ မန္တလေးတိုင်းထဲက ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) မှာ ထိန်းချုပ်နိုင်ခဲ့တဲ့ မြို့တွေအားလုံးကို စစ်ကောင်စီလက်အောက်သို့ ပြန်လည်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ၁၀၂၇ စစ်ဆင်ရေးအပိုင်းအပြီး စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့အကြား ဟိုင်ဂင်သဘောတူညီချက်အရ အပစ်ရပ်ခဲ့ကြတဲ့ အခြေအနေကို ပြန်ရောက်လာခြင်းဖြစ်ပါတယ်။

ဒါဟာ တရုတ်အလိုက် ညီနောင်မဟာမိတ် ၃ ဖွဲ့က လိုက်လျောပေးလိုက်ရတဲ့ သဘောလို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

လက်ရှိမှာ TNLA က နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းလုံနဲ့ မိုင်းငေါ့မြို့တွေကို ထိန်းချုပ်ထားပါတယိ။

ရှမ်းမြောက်နဲ့ မြေပြန့်ဒေသကို တော်လှန်ရေးတပ်တွေကို အဆက်ဖြတ်ခဲ့တဲ့ စစ်ကောင်စီ

ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေး အရှိန်ရနေချိန် အမျိုးသားညီညွတ်ရေးအစိုးရ–NUG လက်အောက်ခံတပ်တွေဖြစ်တဲ့ မိုးကုတ်ဗျူဟာ၊ မန္တလေး PDF အပါအဝင် နွေဦးတော်လှန်ရေးတပ်တွေဘက်က ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအစပ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။

ရှမ်း–မန်း စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့ကြပြီး မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေဘက်က မိုးကုတ်–မန္တလေးလမ်းပေါ်ရှိ စဥ့်ကူး၊ သပိတ်ကျင်းမြို့တွေအထိ သိမ်းပိုက်နိုင်ခဲ့ပြီး မန္တလေးမြို့အနီးရှိ မတ္တရာ၊ ပုသိမ်ကြီးမြို့နယ်အထိ စစ်ကောင်စီကို စစ်ရေးအရ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ရှမ်းမြောက်တိုက်ပွဲနဲ့ မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာလည်း TNLA၊ MNDAA တို့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့ပါတယ်။

TNLA ဘက်ကလည်း လားရှိုး–မန္တလေးလမ်းမကြီးပေါ်ရှိ ပြင်ဦးလွင်မြို့အနီးအထိ စစ်ကောင်စီကို စစ်ရေးအရ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

စစ်ရေးအရှိန်ရနေချိန် တိုက်ပွဲတွေရပ်ဖို့ တရုတ်ဘက်က ဖိအားပေးတာခံရပြီးနောက် ၂၀၂၄ နှစ်ကုန်ပိုင်းကစလို့ ရှမ်းမြောက်ထိုးစစ်ဟာ စစ်ရေးအရှိန်ကျလာခဲ့ပြီး စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်ဆင်မှုတွေ ကြုံလာခဲ့ရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ မန္တလေး–လားရှိုးပြည်ထောင်စုလမ်းမပေါ်ရှိ နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တွေကို ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး ရှမ်းမြောက်နဲ့ မန္တလေးတိုင်းထဲက တော်လှန်ရေးတပ်တွေကို အဆက်ဖြတ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်ကောင်စီက ပြန်ရရှိခဲ့တာကြောင့် ရှမ်းမြောက်နဲ့ မန္တလေးတိုင်းဆက်သွယ်ထားတဲ့ အရေးပါတဲ့ လမ်းကြောင်းတွေ စစ်ကောင်စီလက်အောက် ပြန်ရောက်ခဲ့ပါပြီ။

မိုးကုတ်နဲ့ မိုးမိတ်ကို စစ်ကောင်စီဘယ်လမ်းကြောင်းကနေ ဝင်လာနိုင်လဲ

တအာင်းတပ်ရဲ့ ထုတ်ပြန်ချက်အရ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တွေကို TNLA ဘက်က ဆုတ်ပေးမယ်လို့ ဖော်ပြထားပေမယ့် နယ်မြေအပိုင်းအခြား ဖော်ပြထားခြင်းမရှိထားပါဘူး။

မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်လို့ ဖော်ပြထားတာကြောင့် TNLA ဘက်မြို့နယ်ဧရိယာအထိ တပ်ဆုတ်ပေးရမယ့် သဘောလို့ ယူဆရပါတယ်။

ဒါ့အပြင် တအာင်းတပ်ဘက်က ဘယ်နေ့နောက်ဆုံးထားပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့ကနေ ဆုတ်ခွာမယ်ဆိုတာကိုလည်း အသေးစိတ်မသိရသေးပါဘူး။

ရွှေဖီမြေက ရရှိထားတဲ့အချက်အလက်အရ တအာင်းတပ်ဘက်က လာမယ့် နိုဝင်ဘာထဲမှာ မိုးကုတ်နဲ့ မိုးမိတ်မြို့ကနေ ဆုတ်ခွာမယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒါ့အပြင် မိုးမိတ်နဲ့ မိုးကုတ်မြို့ဘက်ကို ပြန်လည်ဝင်ရောက်ချိန် ကျောက်မဲ–မိုင်းလုံ–မိုးကုတ်လမ်းကြောင်းကနေတစ်ဆင့် ဝင်ရောက်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

အခြေအနေအသေးစိတ်သိရဖို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ရွှေဖီမြေက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီကို မြို့တွေပြန်ပေးရတဲ့အပေါ် TNLA ရဲ့ မဟာမိတ်တပ်တွေ ဘာပြောလဲ

လားရှိုးမြို့ကို ကိုးကန့်တပ်တွေ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးသလို မိုးကုတ်နဲ့ မိုးမိတ်မြို့ဟာ မရိုးရှင်းပါဘူး။

မိုးမိတ်မြို့ဆိုရင် မြို့ပေါ်နေရာတွေကို TNLA က ထိန်းချုပ်ထားပေမယ့် ကျေးရွာပိုင်းတွေမှာတော့ ကချင်တပ်မတော်–KIA၊ ရှမ်းတပ်–SSPP နဲ့ နွေဦးတော်လှန်ရေးတပ်တွေက သွားလာလှုပ်ရှားကြတာဖြစ်ပါတယ်။

မိုးကုတ်မြို့မှာလည်း မြို့ပေါ်နေရာတွေမှာ တအာင်းတပ်က ထိန်းချုပ်ထားပေမယ့် မြို့ပြင်ဧရိယာတွေမှာ တခြား နွေဦးတော်လှန်ရေးတပ်တွေက သွားလာလှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

တအာင်းတပ်နဲ့ မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခဲ့တဲ့ မိုးကုတ်ဗျူဟာနဲ့ မန္တလေး PDF ကတော့ မန္တလေးတိုင်းထဲက ထိန်းချုပ်နယ်မြေကို စစ်ကောင်စီလက်အောက်မရောက်အောင် အကောင်းဆုံး ခုခံကာကွယ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

“ကျနော်အမြင်ကတော့ TNLA ကို အပစ်မမြင်ပါဘူး။ သူတို့လည်း သူတို့အခက်အခဲရှိမှာပါ။ TNLA ဆုတ်ပေးလို့ စစ်ကောင်စီဝင်လာရင်တောင် မိုးကုတ်မှာ TNLA တစ်ဖွဲ့တည်းရှိတာမဟုတ်ဘူး။ တခြားအဖွဲ့တွေလည်း ရှိသေးတယ်” လို့ TNLA နဲ့အတူ ပူးပေါင်းပြီး တိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်ကောင်စီပြန်ရပြီးနောက် မိုးကုတ်နဲ့ မန္တလေးတိုင်းထဲက တော်လှန်ရေးတပ်တွေကို ထိုးစစ်ဆင်မှုတွေ ပြုလုပ်လာနိုင်တယ်လို့ တော်လှန်ရေးတပ်တွေက သုံးသပ်ကြပါတယ်။

တော်လှန်ရေးအားကောင်းတဲ့ မိုးကုတ်မြို့

မိုးကုတ်မြို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ချိန် လူထုတွေကြိုဆိုခဲ့တဲ့ မြင်ကွင်းဟာ စစ်ကောင်စီတပ်နဲ့ ထောက်ခံသူတွေအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ မိုးကုတ်ကို ဆက်တိုက်ဗုံးကြဲဖို့ မကြာခဏ ဆော်သြနေကြသလို စစ်ကောင်စီထိန်းချုပ်နယ်မြေမှာ ဖြတ်သန်းသွားလာတဲ့ မိုးကုတ်ဒေသခံတွေကို စစ်ဆေးမှု တင်းကြပ်ခဲ့ပါတယ်။

လက်ရှိမှာ TNLA က သေနတ်တစ်ချက်မှ မဖောက်ဘဲ စစ်ကောင်စီကို ပြန်လည်လွှဲပြောင်းပေးလိုက်တဲ့အပေါ် မိုးကုတ်ဒေသခံတချို့က တအာင်းတပ်အပေါ် ဝေဖန်မှုတွေ ပြုလုပ်နေကြပါတယ်။

“အားလုံးက ဝမ်းနည်းကြတာပေါ့။ စစ်ကောင်စီဝင်လာရင် ဘယ်လိုလုပ်ကြမလဲဆိုတာ စိုးရိမ်ပူပန်နေရတာပေါ့” လို့ မိုးကုတ်မြိုခံတစ်ဦးက ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အသက်နဲ့ခန္ဓာ ဝမ်းတစ်ထွာ

အသက်နဲ့ ခန္ဓာကိုယ် ရင်းပြီး ဝင်ငွေရကြဖို့ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးငယ်တွေကို နယ်စပ်မြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြိုနဲ့ ဝပြည်နယ် မိုင်းပေါက်၊ ပန်ဆိုင်းနဲ့ မိုင်းလား စတဲ့မြိုနယ်‌တွေမှာ အများစု တွေ့နေရပါတယ်။

ကျောက်မဲမြို့အနီး ရောက်လာတဲ့ အပြင်းအထန်ဆုံး တိုက်ပွဲ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်အထိ ကျောက်မဲမြို့နဲ့ အနီးဆုံးရှိတဲ့ ခိုမုန်းကျေးရွာအနီးအထိ ရောက်ရှိလာပြီလို့ သိရပါတယ်။

ကျောက်မဲထိုးစစ်မှာ အသက်(၁၆)နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ သားအမိ ၃ ဦးလုံး ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်

ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာအနီးရှိ လယ်ယာမှာရှိတဲ့ တဲအိမ်ထဲမှာ ပစ်သတ်ခံရပြီး သေဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မနန်းလို့ အမည်လွှဲထားတဲ့ အမျိုးသမီးငယ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်ဗလာနဲ့ ဖြစ်နေပါတယ်။

လူပေါင်း ၉၀ ကျော် သွေးစွန်းခဲ့တဲ့ နေ့

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထုတွေ ပူဆွေးသောကဖြစ်နေရချိန် စစ်ကောင်စီ ထောက်ခံသူတွေကတော့ “သူပုန်” တွေ ထိန်းချုပ်ထားတဲ့မြို့မှာ လေယာဥ်နဲ့ သီချင်းဖွင့်ပြသွားတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ အောင်ပွဲခံနေကြပါတယ်။