အိုက်ပွီး၊ အောက်တိုဘာ ၃၀ ရက်၊ ပေါက်တော
အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးကျည် ပစ်ခတ်လို့ ကလေးတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
စစ်တွေမြို့အခြေစိုက် စစ်ကောင်စီ တပ်ရင်းတစ်ခုမှ ပေါက်တောမြို့နယ်ရှိ ကျေးရွာတွေကို မနေ့ အောက်တိုဘာလ ၂၉ ရက် နေ့လယ် ၂ နာရီအချိန်မှာ လက်နက်ကြီးကျည် ပစ်ခတ်တာကြောင့် တောင်ညိုရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
“စစ်ရေးလှုပ်ရှားတာ မရှိဘဲ မနေ့က တောင်ညိုရွာဘက်ကို စစ်တွေမြို့ကနေ လက်နက်ကြီးကျည် ၅ ကြိမ်လောက်ပစ်တယ်။ အဲလက်နက်ကြီးကျည်တစ်လုံးက ရွာထဲ ကျပေါက်ကွဲတယ်။ ကလေးတစ်ယောက်က ပွဲချင်းပြီး ဆုံးသွားတယ်။ နှစ်ယောက်ဒဏ်ရာရတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
သေဆုံးသူဟာ တောင်ညိုရွာက အသက် ၅ နှစ်အရွယ် မဇင်ချိုအိဖြစ်ပြီး ဖခင်ဖြစ်သူ အသက် ၃၀ နှစ်အရွယ် ဦးနေဇော်ထွန်းနဲ့ အသက် ၆၆ နှစ်အရွယ် ဦးမောင်စိန်ဝင်းတို့လည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း စစ်တွေမြို့ကနေ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပုဏ္ဏားမြို့နယ်၊ ကွမ်းတောင်ရွာမှာ ပရဟိတလုပ်ကိုင်နေတဲ့ အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဒီနေ့ အောက်တိုဘာ ၃၀ ရက်၊ နေ့လယ် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်မှာလည်း ပုဏ္ဏားကျွန်းမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးသီးနှစ်လုံး လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ လူထိခိုက်သေဆုံးမှုများတယ်လို့ သိရပါတယ်။
“ပုဏ္ဏကျွန်းမြို့ထဲ နေ့လယ်က စစ်ကောင်စီ ဗုံးသီးနှစ်လုံး ကြဲချသွားတယ်။ လောလောဆယ် ထိခိုက်သေဆုံးမှု များတယ်လောက်ပဲ သိရသေးတယ်။ အသေးစိတ် မသိရသေးဘူး” လို့ ရခိုင်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အလားတူ ရသေ့တောင်မြို့နယ် ဇီးကိုင်းကျေးရွာကိုလည်း စစ်ကောင်စီတပ်က ဒီနေ့ နေ့လယ်မှာ ဒရုန်းနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲကာလ တစ်နှစ်ကျော်အတွင်း ရခိုင်ပြည်သူ ၉၇၀ ဦး သေဆုံးပြီး ၂၀၅၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA ရဲ့ လူသားချင်းစာနာထောက်ပံ့ရေးနဲ့ ဖွံ့ဖြိုးရေးရုံးက အောက်တိုဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။