လွေးဇွန်မိုး၊ အောက်တိုဘာ ၃၀ ရက်၊ ပင်းတယ
ရှမ်းတောင် ပင်းတယမြို့နယ် မိုင်အင်ကျေးရွာအဝင်ရှိ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ- RCSS ရဲ့ စစ်ဆေးရေးဂိတ်မှာ RCSS တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၂၃ နှစ်အရွယ် ကိုရဲဝင်းနိုင်ဆိုသူ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ရပ်စောက်မြို့နယ်၊ လှည်းတိုးရွာကနေ ပင်းတယမြို့နယ် မိုင်အင်ရွာကိုလာတဲ့ ကိုရဲဝင်းနိုင်ကို မိုင်းအင်ရွာအဝင်ရှိ RCSS ရဲ့စစ်ဆေးရေးဂိတ်က ကားတားရာမှာ ကားမရပ်လို့ဆိုပြီး ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
“သူက ရပ်စောက်မြို့နယ်ကနေ ကျနော်တို့ ပင်းတယမြို့နယ်ကို ပြန်လာတဲ့အချိန် အဲဒီရွာအဝင်မှာ ဂိတ်တားထားတာပေါ့လေ။ သူတို့(RCSS တပ်သား)က ကားတန့်(ရပ်တန့်)ပေးဆိုပြီးတော့ လက်လှမ်းတာ သူက ကားမတန့်ပေးတော့ ပစ်လိုက်တယ်။ အဲဒီမှာ သူက ဆုံးသွားတာပေါ့လေ။ ချက်ချင်းတော့ သူမသေဘူး။ ဒါပေမယ့် သူ့ကိုတောင်ကြီးဆေးရုံမှာ ခေါ်သွားလိုက်တယ်။ တောင်ကြီး စပ်စံထွန်းဆေးရုံမှာ သူက ဆုံးသွားတယ်”
ကိုရဲဝင်းနိုင်သေဆုံးသွားတာနဲ့ ပတ်သတ်ပြီး ပစ်သတ်ခဲ့တဲ့ RCSS ဘက်က ကျန်ရစ်သူ မိသားစုဝင်တွေကို လက်ရှိအချိန်အထိ လာရောက်တောင်းပန်တာမရှိသလို တွေ့ဆုံဆွေးနွေးတာမျိုးလည်း မရှိသေးဘူးလို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။
“အဲဒါတွေ(ကျန်ရစ်သူမိသားစုဝင်တွေကို တွေဆုံတောင်းပန်စကားပြောတာ) ဘာမှမရှိဘူး။ ပြီးတော့ သူတို့က ဗထူးတပ်ကတောင်းဆိုလို့ လုံခြုံရေး လာလုပ်တယ်လို့ပြောတယ် သူတို့က။ သူတို့က လုံခြုံရေးအကြောင်းပြပြီးတော့ ကျနော်တို့ဘက်မှာ ဘာလက်နက်ကိုင် အဖွဲ့အစည်းမှ မရှိသေးတဲ့အချိန်မှာ လုံခြုံရေးအကြောင်းပြပြီးတော့ ပြည်သူတွေကို ညှင်းပန်းနှိပ်စက်နေတာ။ ကျနော်တို့ ဒေသခံတွေက သူတို့ကို စိတ်ကုန်နေတာပေါ့လေ။ မုန်းတီးနေတာ။ မကြိုက်ဘူး။ သူတို့ရှိတဲ့ နေရာကိုက ကျနော်တို့အတွက် ဒုက္ခလိုဖြစ်နေတာ”
သေဆုံးသွားတဲ့ အမျိုးသားဟာ ရပ်စောက်မြို့နယ် လှည်းတိုးရွာဇာတိဖြစ်ပြီး မလေးရှားနိုင်ငံမှာ အလုပ်လုပ်ရာကနေ မိုင်အင်ရွာက ချစ်သူကောင်မလေးကို တောင်းရမ်းလက်ထပ်ဖို့အတွက် မြန်မာနိုင်ငံကို ပြန်ရောက်လာတာ တစ်လဝန်းကျင်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။
အလားတူပြီးရဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၈ ရက် ညနေ ၆ နာရီဝန်းကျင်မှာလည်း Kpay ထုတ်ဖို့သွားတဲ့ ပင်းတယမြို့နယ် ညောင်ဝန်းကျေးရွာအုပ်စု ပိန္နဲကုန်းကျေးရွာက အသက် ၂၉ နှစ်အရွယ် ကိုစိုင်းဆိုသူကို RCSS တပ်က ပစ်သတ်ခဲ့တယ်လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။