မိုင်းရူပ၊ အောက်တိုဘာ ၂၆ ရက်၊ စဥ့်ကူး
မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ပတ်လည်အင်းရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ရွှေဖီမြေ က စုံစမ်းသိရှိရပါတယ်။
ဒီနေ့ အောက်တိုဘာ ၂၆ ရက် နေ့လည် ၃ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ စစ်ကောင်စီက ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး လူလတ်ပိုင်းအမျိုးသား ၁ ဦး သေဆုံးခဲ့ပါတယ်။
“သေတဲ့သူက လူလတ်ပိုင်းအမျိုးသား ၁ ဦး။ ဂျက် ၂ စီးနဲ့ လာကြဲတာ။ ဆီဆိုင်ကို လာကြဲတာ။ ဒဏ်ရာရတာ ၆ ဦး ရှိတယ်။ စဥ့်ကူးက ခဏခဏ ကြဲခံရတာပါ” ဟု မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေ ကို ပြောပါတယ်။
တော်လှန်ရေးတပ်များ ထိန်းချုပ်ထားတဲ့ စဥ့်ကူးမြို့နယ်ထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေပြီး မနေ့ အောက်တိုဘာ ၂၅ ရက်မှာလည်း စဥ့်ကူးမြို့နယ် လက်ပန်လှရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်း၊ စဥ့်ကူးနဲ့ မတ္တရာမြို့နယ်တွေကို ထိုးစစ်ဆင်မှုတွေ ဆက်တိုက် လုပ်ဆောင်နေသလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်လျက်ရှိနေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်မှာလည်း သပိတ်ကျင်းမြို့နယ် ရင်ခတ်ပင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ၁၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ဗုံးကြဲတိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး တစုံတရာ သတင်း ထုတ်ပြန်ထားတာ မရှိပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။