မိုင်းရူပ၊ အောက်တိုဘာ ၂၅ ရက်၊ စဉ့်ကူး
မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပန်လှရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၇ ဦး ဒဏ်ရာရပြီး နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတချို့က ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ ၂၅ ရက် နေ့လယ် ၂ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ စစ်တပ်က ဂျက်လေယာဉ်နဲ့ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ၃ လုံး ပေါက်ကွဲကာ ၃ လုံး မပေါက်ကွဲဘဲ ကျန်ရှိနေတယ်လို့ ဆိုပါတယ်။
“လက်ပန်လှအနီးတစ်ဝိုက်ကို ဗုံးသီး ၆ လုံး ကြဲတာ။ ၃ လုံး ကွဲတယ်။ ၃ လုံးက မကွဲဘူး။ အထိအခိုက် ဒဏ်ရာရသူ ၇ ယောက် ရှိတယ်။ ဒဏ်ရာက စိုးရိမ်ရတာ မရှိဘူး” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒဏ်ရာရသူ အမျိုးသား၊ အမျိုးသမီး အရေအတွက် မသိရသေးဘဲ နေအိမ် ဆယ်နဲ့ချီလည်း ပျက်စီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
စစ်တပ်ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာမြို့နယ်တွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေတာ တွေ့ရပါတယ်။
မနေ့ အောက်တိုဘာ ၂၄ ရက်မှာလည်း သပိတ်ကျင်းမြို့နယ် ရင်ခတ်ပင်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ၁၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၂၁ ရက်ကလည်း သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းရွာထဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးတစ်ဦးအပါအဝင် ၅ ဦး သေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာ ရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။