ပျားကြီး၊ အောက်တိုဘာ ၂၅ ရက်၊ ရေကြည်
ဧရာဝတီတိုင်း ရေကြည်မြို့နယ် စပြင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၂၄ ဦးထက်မနည်း အစုလိုက် အပြုံလိုက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို အတည်ပြု ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက် နေ့လယ်ပိုင်းက ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံး ၇ လုံး ကြဲချခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲ ကလေးငယ်နဲ့အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
“ပထမတစ်ခါတုန်းက ဖြတ်ပျံသွားပြီး ၂ လုံး ကြဲတာပေါ့။ အဲဒီမှာလည်း တချို့ထိတယ်။ နောက်ထပ် ၂ နာရီလောက် ခြားပြီး ထပ်လာကြဲတာမှာ အတော်များများ ထိကုန်တာ။ အိမ်တွေဆို ရစရာ မရှိတော့ဘူး။ ဗုံးကွဲတာက အရမ်းကိုပြင်းတယ်” လို့ စပြင်ရွာ ဗုံးကြဲတိုက်ခိုက်မှုမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ရခိုင်ရိုးမနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲ တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ စစ်တပ်ဘက်က မကြာခဏ ဗုံးကြဲတိုက်ခိုက်လေ့ ရှိတာကြောင့် လူထိခိုက်သေဆုံးမှုတချို့ ရှိခဲ့ပေမဲ့ စပြင်ရွာ ဖြစ်စဉ်ကတော့ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်တယ်လို့ဒေသခံတွေက ပြောဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နဲ့အမျိုးသမီးအပါအဝင် လူပေါင်း ၂၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပေမဲ့ အသေးစိတ် စာရင်းကိုတော့ မရသေးပါဘူး။
ဒါ့အပြင် နေအိမ်ပေါင်း ၂၀ နီးပါးလည်း ပျက်စီးဆုံးရှုံးခဲ့ပြီး လက်ရှိအချိန်ထိ ဂျက်လေယာဥ် ပျံဝဲမှု ဆက်ရှိနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။