မိုင်းရူပ၊ အောက်တိုဘာ ၂၃ ရက်၊ သီပေါ
သီပေါမြို့ကို ပြန်လည်ထိန်းချုပ်နိုင်တဲ့ စစ်ကောင်စီတပ်ဟာ သီပေါ-နမ္မတူလမ်းပေါ်ရှိ နေရာတွေကို ထိုးစစ်ဆင်လာနေပြီး သီပေါနဲ့ နမ္မတူမြို့နယ်အစပ် မိုးတေရွာအထိ ရောက်ရှိလာတယ်လို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ သီပေါမြို့ပြင်ရှိ ခြေလျင်တပ်ရင်း ၂၃ တပ်အပါအဝင် ခြေမြန်တပ်ရင်း ခမရ ၅၀၃ နဲ့ ၅၀၄ တပ်အထိ ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး အောက်တိုဘာ ၂၁ ရက်မှာ မိုးတေကျေးရွာအထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ နမ္မတူမြို့နယ်ဘက်ကို ထိုးစစ်ဆင်လာနိုင်ပေမယ့် လက်ရှိအခြေအနေအရ TNLA ဘက်ကလည်း ခံစစ်အဆင့်ဆင့် ပြင်ထားတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မိုးတေတံတားရဲ့ ဟိုဘက်ခြမ်းက စစ်ကောင်စီရသွားပြီ။ တံတားရဲ့ ဒီဘက်ခြမ်းတော့ TNLA ဘက်ရှိတယ်။ မနေ့ နေ့လည်ပိုင်းလောက်မှာ စကစ မိုးတေကို ရောက်လာတာ” လို့ ဆိုပါတယ်။
ဒါ့အပြင် သီပေါနဲ့ နမ္မတူမြို့နယ်ကို ဆက်သွယ်ထားတဲ့ မိုးတေတံတားလည်း ကျိုးကျပျက်စီးနေတာကြောင့် စစ်ကောင်စီတပ်က နမ္မတူဘက်ကို ထိုးစစ်ဆင်ဖို့ ခက်ခဲနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
သီပေါမြို့ကို ပြန်ရဖို့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ပထမအပတ်က စပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၁၈ ရက်မှာ သီပေါမြို့ကို ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။