လွေးလာဝ်ဇာရ်၊ အောက်တိုဘာ ၂၁ ရက်၊ မိုးကုတ်
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အရှေ့ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ ဒဏ်ရာရသူ ကလေး ၄ ဦးအပါအဝင် ၁၂ ဦး အထိ ရှိတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ ၂၁ ရက် နေ့လယ် ၃ နာရီဝန်းကျင်က ကန်တောင်ရှမ်းကျောင်းအနီး ဖူဆယ်ဘောလုံးကွင်းထဲကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၁ လုံး လာရောက်ကြဲချခဲ့တာကြောင့် ကလေးငယ် ၃ ဦး သေဆုံးခဲ့ပါတယ်။
ဒဏ်ရာရတဲ့သူတွေဟာ ကလေး ၃ ဦးအပါအဝင် အမျိုးသား ၇ ဦးနဲ့ ကလေး ၁ ဦးအပါအဝင် အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၂ ဦး ထိမှန် ဒဏ်ရာရခဲ့ပါတယ်။
မြို့ခံ အမျိုးသားတစ်ဦးက “သေတာက ကလေး ၃ ယောက်ဘဲ။ ဒဏ်ရာရသူတွေဘဲ တိုးလာတာ။ ဘော်လုံးကွင်းထဲ ပစ်တာဆိုတော့။ ထိတာက ကလေးတွေ ပိုများတယ်” လို့ ပြောပါတယ်။
ဗုံးကြောင့် ဒဏ်ရာရတဲ့ သူတွေဟာ အသက် ၇ နှစ်အရွယ် လှသန္တာအေး၊ အသက် ၈ နှစ်အရွယ် နီဂေါင်း၊ အသက် ၁၁ နှစ်အရွယ် ညီသစ်၊ အသက် ၁၂ နှစ်အရွယ် ဟိန်းမင်းသန့်နဲ့ အသက် ၅၀ နှစ် ကိုကံခြား၊ အသက် ၃၈ နှစ်အရွယ် ဒေါ်ဂီသား၊ အသက် ၆၇ နှစ်အရွယ် ဦးသီကာရန်း၊ အသက် ၆၇ နှစ် ဒေါ်ကူမာရ်ရီ၊ အသက် ၅၇ နှစ် ဒေါ်ဆာမီသရီး၊ အသက် ၆၃ နှစ်အရွယ် ဒေါ်အူးမား၊ အသက် ၄၈ နှစ်အကွယ် ဦးကူးမားနဲ့ အသက် ၇၁ နှစ် ဦးကီရိတို့ ဖြစ်တယ်လို့ သိရပါတယ်။
ဗုံးကြောင့် ထိခိုက်သေဆုံးမှုရှိတဲ့အပြင် ဒေသခံတွေရဲ့ နေအိမ် ၆ လုံးထက်မနည်းလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မနေ့ အောက်တိုဘာ ၂၀ ရက်မှာလည်း မိုင်းငေါ့မြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
PSLF/TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေကိုအောက်တိုဘာ ၁ ရက်ကနေ ဒီနေ့အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေဖီမြေက ရရှိထားတဲ့ အချက်အလက်အရ သေဆုံးသူ ကလေး ၉ ဦးအပါအဝင် ၄၇ ဦးသေဆုံးခဲ့ပြီး ကလေး ၁၄ ဦးအပါအဝင် ၅၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။