လွေးလာဝ်ဇာရ်၊ အောက်တိုဘာ ၁၉ ရက်၊ မန်တုံ
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ မန်တုံမြို့ထဲကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ အောက်တိုဘာ ၁၉ ရက် နေ့လယ် ၁၂ ခွဲအကျော်က အောင်ချမ်းသာရပ်ကွက်မှာ လေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲတာလို့ ဆိုပါတယ်။
ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက “အောင်ချမ်းသာဘက်မှာကြဲတာ။ ကျမတို့လည်းကြောက်လို့ သွားမကြည့်ရဲ့သေးဘူး။ ကြဲတဲ့အချိန်မှာ လူမရှိတဲ့အချိန်မို့လို့ မထိလိုက်ဘူး။ မိန်းကလေးတစ်ယောက်ပဲ နည်းနည်းထိသွားတယ်” လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတွေရဲ့ နေအိမ် ၂ လုံးထက်မနည်းထိခိုက်ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့ တစ်ရက်ထဲမှာဘဲ မန်တုံအပြင် နမ့်ဆန်မြို့ထဲကိုလည်း ဒီနေ့ အောက်တိုဘာ ၁၉ ရက်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခဲ့ပြီး မိုင်းငေါ့မြို့နယ် လေကြောင်းတိုက်ခိုက်မှုကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
မနေ့ အောက်တိုဘာ ၁၈ နမ့်ဆန်မြို့နယ် ကွမ်ဟယ်ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၆ ဦးသေဆုံးခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
PSLF/TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေကိုအောက်တိုဘာ ၁ ရက်ကနေ ဒီနေ့အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေဖီမြေက ရရှိထားတဲ့ အချက်အလက်အရ သေဆုံးသူ ကလေး ၆ ဦးအပါအဝင် ၄၂ ဦးသေဆုံးခဲ့ပြီး ကလေး ၁၀ ဦးအပါအဝင် ၄၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။