လွေးထွေး၊ အောက်တိုဘာ ၁၉ ရက်၊ နမ့်ဆန်
တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့ မီးသတ်ရုံးအနီးကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၉ ရက် နေ့လယ် ၁ နာရီ ဝန်းကျင်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး တစ်လုံး ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်နဲ့ လူတွေ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
”အထက်တန်းကျောင်းနဲ့ မီးသတ်နဲ့နီးတယ်။ အိမ် ၂ လုံး ပျက်သွားတယ်။ လူတွေနဲနဲတော့ထိတယ်။ လောလောဆယ်အဝင်မခံသေးဘူး” လို့ ဒေသခံ အမျိုးသားက ပြောပါတယ်။
လက်ရှိ သတင်းရေးသားတဲ့အချိန်အထိ ထိခိုက်မှု အသေးစိတ်ကို မသိရသေးပါဘူး။ ဒါ့အပြင် တအာင်းတပ်ထိန်းချုပ်ထားတဲ့ မန်တုံနဲ့မိုင်းငေါ့မြို့တွေလည်း တစ်ပြိုင်နက် ဗုံးကြဲသွားခဲ့ပြီး ထိခိုက်မှုတော့ မသိရသေးပါဘူး။
မနေ့ အောက်တိုဘာ ၁၈ ရက် ၈နာရီ ဝန်းကျင်ကလည်း နမ့်ဆန်မြို့နယ် ကွမ်ဟယ်ရွာကို စစ်ကောင်စီက ဗုံးကြဲလို့ အရပ်သား ၆ ဦး သေဆုံးခဲ့ပြီး ၇ဦး ဒဏ်ရာရခဲ့ပါတယ်။
PSLF/TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေကိုအောက်တိုဘာလအတွင်း ဒီနေ့အထိ ရွှေဖီမြေက ပြုစုထားတဲ့စာရင်းအရ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ ၄၂ ဦးနဲ့ ဒဏ်ရာရသူ ၄၀ ဦးအထိ ရှိလာပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။