မိုင်းဖိူမ်းဆငဲ၊ အောက်တိုဘာ ၁၈ ရက်၊ နမ့်ဆန်
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ် ကွမ်ဟယ်ကျေးရွာအလယ်ထဲ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ အောက်တိုဘာ ၁၈ ရက် ည ၈ နာရီခွဲဝန်းကျင်မှာ ကွမ်ဟယ်ကျေးရွာအလယ်မှာရှိတဲ့ နတ်စင်အောက်ကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အနည်းဆုံး ဒေသခံ ၃ ဦး သေဆုံးသွားခဲ့ပြီး ၇ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
နီးစပ်တဲ့ ဒေသခံတစ်ဦးက “လှော်ခြောက်စက်ရုံအောက်နားမှာတဲ့။ လူထိများတယ်တဲ့နော်” လို့ ပြောပါတယ်။
ဒါ့အပြင် ကျောက်မဲမြို့နယ်နဲ့ သီပေါမြို့နယ်တို့ထဲကိုလည်း နမ့်ဆန်ကြဲချပြီး တစ်ပြိုက်တည်း ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်သွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါပေမယ့် ထိခိုက်မှုတော့ မသိရသေးပါဘူး။
၂ ပတ်ကျော်အတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေဖီမြေက ရရှိထားတဲ့စာရင်းအရ TNLA ထိန်းချုပ်ဒေသမှာ သေဆုံးသူ ကလေး ၆ ဦးအပါအဝင် ၃၉ ဦးသေဆုံးခဲ့ပြီး ကလေး ၁၀ ဦးအပါအဝင် ၄၇ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။